ပဲခူး နိုဝင်ဘာ ၂၉
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်အတွင်းရှိ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ပြည်တွင်း/ပြည်ပခရီးသွားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်အနားယူ အပန်းဖြေလည်ပတ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇသာဒီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ရာ နေရာဖြစ်၍ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစား လာရောက်လည်ပတ်ရသည့် နေရာတစ်ခုဖြစ်သည်။ အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ပိုမိုလာရောက်လည်ပတ်လျက်ရှိရာ ပျမ်းမျှအားဖြင့်တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားဦးရေ(၂)သိန်း နီးပါးနှင့် ပြည်တွင်း ခရီးသွား ဧည့်သည်(၆)သိန်းကျော် လာရောက်လည်ပတ် အနားယူအပန်းဖြေကြကြောင်း သိရသည်။
ကမ္ဘောဇသာဒီနန်းတော်ကြီးသည် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓောဘုရား တောင်ဘက် နန်းတော်ရာရပ်ကွက်တွင်တည်ရှိပြီး မြေဧရိယာ(၆၄)ဧကခန့် အကျယ်အဝန်းရှိရာ ပဲခူးရှေးဟောင်း ဇုန်ထဲတွင်ပါဝင်သည့် အထင်ကရနေရာတစ်ခုဖြစ်သည်။
လေ့လာစရာအဖြစ် ကမ္ဘောဇသာဒီနန်းတော်ကြီး စတင်တည်ဆောက်စဉ်က ဆောက်လုပ် အသုံးပြုခဲ့သော ရှေးဟောင်းကျွန်းတိုင်ကြီးများ၊ မြန်မာနိုင်ငံနှင့် သမိုင်းထင်ရှားမင်း(၃)ပါးတို့၏ပုံတူ ပန်းချီကား ချပ်များ၊ ခေတ်(၃)ခေတ် နန်းတော်ပုံပန်းချီကားချပ်၊ မြန်မာမင်းတို့၏ ကန်တော့ခံ အခမ်းအနားပုံ ပန်းချီကားချပ်၊ ဘုရင့်နောင် မင်းကြီးတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ပုံတူရထားတော်ကြီး၊ နန်းတော်ကြီးတည်နေရာအား ပြန်လည်တူးဖော်စဉ်ကတွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများ၊ သီဟသနပလ္လင်တော်နှင့် အသုံးအဆောင်ပစ္စည်းများ၊ နန်းဆောင်များ၊ ပြတိုက်များရှိသည့်အပြင် အပန်းဖြေနိုင်ရေး စိမ်းလန်းစိုပြေသာယာလှပသောရှု့ခင်း၊ အခမဲ့ငှားရမ်း ဆော့ကစားနိုင်သည့် ကစားနည်းမျိုးစုံ ဂိမ်းများဆော့ကစားနိုင်ခြင်း၊ အခမဲ့အင်တာနက် သုံးစွဲခွင့်ရရှိအောင် စီစဉ်ပေးထားခြင်း၊ ပန်းခြံအတွင်း သုတ၊ ရသနှင့် အင်္ဂလိပ်၊ မြန်မာ ကလေးစာအုပ်ပေါင်း(၁၀၀၀)ကျော် ဖတ်ရှုနိုင်ရန်ရွေ့လျား စာကြည့်တိုက် ဖွင့်လှစ်ပေးထားခြင်း၊ နေ့ထူး၊ နေ့မြတ်များနှင့် ပွဲတော်ရက်များတွင် လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဖျော်ဖြေရေး အစီအစဉ်များနှင့် တင်ဆက်ပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ယခုအခါ ကမ္ဘောဇသာဒီနန်းတော်ကြီးအား ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့မှစတင်၍ နေ့စဉ်နံနက်(၉)နာရီမှ ညနေ ၅ နာရီခွဲအထိ ပြန်လည် ဖွင့်လှစ်ထားရှိပြီးရာ ပြည်တွင်းခရီးသွားများအနေဖြင့် နေ့ထူးနေ့မြတ်ကြီးများအပြင် နေ့စဉ် လာရောက်လည်ပတ်လျက်ရှိကြသည်။ ဝင်ကြေးအားဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် ငွေ(၃၀၀၀)ကျပ်၊ ပြည်တွင်းခရီးသွား လူကြီးတစ်ဦးလျှင်(၁၀၀၀)ကျပ်၊ ကလေးတစ်ဦးလျှင်(၅၀၀)ကျပ်နှုန်းဖြင့် ကောက်ခံရာ ပြန်လည်ဖွင့်လှစ်သည့်နေ့မှစတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ပြည်တွင်းခရီးသွား ပြည်သူများအတွက် ဝင်ကြေးငွေ တစ်ဝက်တိတိအား လျော့ချကောက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)