ကွန်ဟိန်း နိုဝင်ဘာ ၂၉

 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ်ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ပံ့ပိုး ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင်စီမံချက်များရေးဆွဲပြီး အဆိုပါ စီမံချက် လုပ်ငန်းများကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေး အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

"VDP စီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ ပကတိလိုအပ်ချက်ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက်လုပ်ငန်းတွေကို ဖော်ထုတ်ပါတယ်၊ အဲ့ဒီစီမံချက်လုပ်ငန်းတွေထဲက ပထမ ဦးစားပေး လုပ်ငန်းကို ကျွန်တော်တို့ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ပံ့ပိုးမှုနဲ့အတူ ကျေးရွာ စီမံကိန်းကော်မတီဝင်တွေကိုလည်း သင်တန်းတွေပေးတယ်၊ ကျေးရွာစီမံကိန်းကော်မတီဝင်တွေကလည်း ကျေးရွာဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို မြို့နယ်ကို တင်ပြပီးဆောင်ရွက်သွားရမှာပါ" ဟု ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇေယျာမင်း ကပြောသည်။

 

ကွန်ဟိန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း  နမ့်ခမ်း၊ ပန်ဟုတ်၊ ဟိုပန်၊ ဝမ်ခင်းကျေးရွာတို့တွင် စီမံကိန်းပံ့ပို့ငွေကျပ်သိန်း ၄၀၀ ဖြင့် ကျေးရွာတွင်းလမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ကျေးရွာခန်းမတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ