နေပြည်တော် နိုဝင်ဘာ-၂၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် နိုဝင်ဘာ ၂၇ ရက်တွင် တောင်တွင်းကြီး - အောင်လံ - ပြည် လမ်းပေါ်တွင် အရှည် ပေ ၃၀၀ နှစ်လမ်းသွား ကြေးနီ‌ချောင်းတံတားသစ်နှင့် Max Hightway Co.,Ltd မှ ဆောင်ရွက်လျက်ရှိသည့် အဆိုပါ တံတားချဉ်းကပ်လမ်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုကြည့်ရှု၍  လုပ်ငန်းများ သတ်မှတ်အချိန်အတွင်းပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး RP 5 Bored Pile လုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ RP 1 – RP 11 – RP 12 – RP 13 Cross Bean ရေလည်တိုင် လုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း၊ ချဉ်းကပ်တံတား (သရက်ဘက် ကမ်း) T1 – RP 1 Grider လုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း၊ ချဉ်းကပ်တံတား (အောင်လံ ဘက်ကမ်း) P1 – RP 13 Grider လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ၂၃ မိုင် ၃ ဖာလုံ အရှည်ရှိ အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်းကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းသည်  အောင်လံ - ဆင်ပေါင်ဝဲ - တောင်တွင်းကြီးမြို့များကို ဆက်သွယ်ထားသောလမ်းဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  Max Hightway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် - ပြည် - မကွေး လမ်းပိုင်း (အောင်လံ-ပြည်) လမ်းပိုင်းတွင် လမ်းတစ်ဖက်လျင် သုံးပေအကျယ် လမ်းသားချဲ့လုပ်ငန်းများ  ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

          

နိုဝင်ဘာ-၂၈ ရက်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ပြည်မြို့ ရွှေဟင်္သာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ  လေးခန်းတွဲ ငါးထပ်  သုံးလုံး တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် ပေါင်းတည်မြို့နယ်  နတ်ပုတီး - ကံငယ် - မြောက် ကုန်းကြီး ကျေးလက်လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်းသည် ပေါင်းတည် - ပေါက်တော လမ်းမကြီးနှင့် ချိတ်ဆက်ပြီး ခရိုင်ချင်းဆက်လမ်းမှတစ်ဆင့် ပေါက်ခေါင်းမြို့နယ်များသို့ သွားလာနိုင်သောလမ်း ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်း - မိုးညို - နတ်တလင်းလမ်း မြေသားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိုးညိုမြို့နယ်၊ ဘုရားဖြူချောင်းပေါ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသည့်  တံတားအရှည်ပေ ၂၈၀ ရှိ အိုးဘိုကျွန်းအုပ်စု-ဘုရားဖြူ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Max Hightway Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန် - ပြည် - မကွေး လမ်းမကြီး၏ လမ်းအစိတ်အပိုင်းတစ်ခု ဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ လမ်းပိုင်းအား ၂၂ ပေ မှ ၄၈ ပေ အကျယ် ကွန်ကရစ်လမ်း ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုက်ကြီး - ဖူးကြီး - ဖောင်ကြီး - ဘုရားကြီးလမ်း တစ်လျှောက်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn