မြို့သစ် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်အတွင်း၌ စက်သုံးဆီစျေးများ ဖေဖော်ဝါရီလမှ စက်တင်ဘာလကုန်ထိ ရှစ်လအတွင်း ဂါလန် ၅၀ တစ်ပီပါလျှင် ကျပ် နှစ်သိန်းခန့် စျေးမြင့် တက်လာကြောင်း သိရသည်။
စက်တင်ဘာလကုန်ပိုင်းတွင် ဒီဇယ်၊ ဓာတ်ဆီ တစ်ဂါလံကျပ် ၇၀၀၀ခန့် ပေါက်စျေးဖြစ်လာကာ တစ်လအတွင်း ဂါလန် ၅၀ ပီပါတစ်လုံးလျှင် ကျပ်တစ်သိန်းနီးပါး စျေးမြင့်တက်လာသည်။
ထိုသို့ မြင့်တက်လာသဖြင့် လာမည့်စပါးရိတ်သိမ်းချိန်တွင် ရိတ်သိမ်းခစျေးနှုန်းများ မြင့်တက် လာနိုင်သလို စပါးရိတ်သိမ်းမှုနှင့် သယ်ဆောင်ခ များအတွက် လုပ်သားခများ မြင့်တက်လာနိုင်ကြောင်း စပါး စိုက်တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်က ဧရာဝတီတိုင်းဒေသကြီးနှင့် ဒိုက်ဦးဒေသများသို့ သွားရောက်ကာ စပါးရိတ်သိမ်း ဝန်ဆောင်မှုပေးသော်လည်း ယခုနှစ်တွင် ကျန်းမာရေး အခြေအနေများအရ သွားရောက်နိုင်ခြင်းမရှိသေးကြောင်းနှင့် စက်သုံးဆီစျေးကြီးမြင့်နေခြင်းကြောင့် ရိတ်သိမ်းခ စျေးမြင့်တက်သဖြင့် ဝန်ဆောင်ခရရှိရန် ခက်ခဲလာနိုင်သဖြင့် မြို့နယ်အတွင်း၌သာ ဆောင်ရွက်ပေးလျက်ရှိကြောင်း စပါးရိတ်သိမ်းဝန်ဆောင်မှုပေးနေသည့် ရိတ်သိမ်းလုပ်ငန်းပိုင်ရှင်များက ပြောသည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် နေ့စဉ်အလုပ်ဆင်းကြသည့် အခြေခံလုပ်သားများမှာလည်း အခက်အခဲဖြစ်လာကြောင်း၊ ယခင် ဆိုင်ကယ်ဆီ ကျပ် ၁၀၀၀ ဖိုးဖြင့် နေ့စဉ်အလုပ်သွားနိုင်သော်လည်း ယခုဆီစျေးဖြင့် ကျပ် ၂၀၀၀ ဖိုး ထည့်မှသာ လုံလောက်တော့ကြောင်း၊ တစ်နေ့ လုပ်အားခမှာ ကျပ် ၄၀၀၀/၅၀၀၀ သာရရှိကြောင်း မြို့သစ်မြို့နယ်မှ အလုပ်သမားတစ်ဦးထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)