ဒီဇင်ဘာ ၁
မြန်မာတစ်နိုင်ငံလုံးအနှံ့ ပန်းဈေးကွက်အထူးကောင်းမွန်နေပြီး ယခင်နှစ်ကထက် ဈေးနှုန်းနှစ်ဆခန့် မြင့်တက်နေကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
“အခုအချိန်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံးအနှံ့မှာ စိုက်ပျိုးခြံတွေမှာရော ပန်းသည်တွေဆီမှာရော ဈေးတွေမှာရော ဘုရားပန်းဈေးနှုန်းတွေက ပုံမှန်ထက် နှစ်ဆနီးပါးလောက်ကို မြင့်တက်နေတာပါ။ နှစ်တိုင်းဆိုရင် ဘယ်ပန်းကတော့ ဈေးကွက်ပိုကောင်းနေတယ်လို့ ပြောလို့ရခဲ့တယ်။ ဒီနှစ်ကျတော့ ဘာပန်းအမျိုးအစားဖြစ်ဖြစ် ဘုရားပန်းဖြစ်နေရင်ကို ဈေးထိုးတက်နေတဲ့အချိန်ပါ။ အမြစ်ပါတဲ့ နုတ်ပန်း တွေဆို အရင်တုန်းက ဈေးကောင်းမှ ၂၀၀၀ ကျပ်ပဲရခဲ့တာ၊ အခုတော့ ၄၀၀၀ ကျပ်အထက်မှာ ဖြစ်နေပြီ။ ဒါကလည်း ပန်းစိုက်ထားတာ ရှိတဲ့သူပဲ ဈေးကောင်းနဲ့ကြုံတွေ့ရတာပါ”ဟု မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းအနီးရှိ ဘုရားပန်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုငယ်လေးက ပြောသည်။
၂၀၂၀-၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီအတွင်း မိုးများခဲ့ခြင်းကြောင့် အပင်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ခြင်း၊ ယခု နိုဝင်ဘာလ/ဒီဇင်ဘာလများသည် ပန်းခြံများမှ ပန်းပြန်လည်စိုက်ပျိုးသည့် ကာလများဖြစ်သဖြင့် ပုံမှန် အားဖြင့်လည်း ပန်းရှား ပါးတတ်ခြင်း စသည့်အကြောင်းအရာများ စုဆုံ၍ ပန်းဈေးနှုန်းများ မြင့်တက်နေရခြင်း ဖြစ်သည်။
“နှစ်တိုင်းမှာ အပင်ရေ ငါးသောင်းလောက် စိုက်တယ်ဆို ဒီနှစ်မှာ နှစ်သောင်းလောက်ပဲ အဖတ်တင်ခဲ့တဲ့ သဘောပါ။ ခြံသမားတိုင်းလိုလို သုံးပုံ နှစ်ပုံလောက်ကို ပျက်စီးမှုတွေ ကြုံခဲ့ကြတယ်။ ဒီနှစ်က မိုးများ ခဲ့တဲ့အတွက် အပင်တွေက ဒဏ်မခံနိုင်တော့ဘဲ သေပြီး ပျက်စီးကုန်တာ။ စိုက်ထားတဲ့ပန်းတွေ အသေအပျောက် ပျက်စီးမှုရှိတာကြောင့် ပန်းအထွက်နှုန်းကလည်း သိသိသာသာကို နည်းသွားတယ်။ ဒါ့အပြင် အခုလို ဒီဇင်ဘာလပိုင်းက အရင်ကဆိုရင်လည်း ပန်းရှားတဲ့ကာလဖြစ်တယ်။ ပန်းစိုက်ပျိုး သူတွေ ပန်းစစိုက်ခါစအချိန်မို့ ဈေးကွက်ထဲ ပန်းတွေလှိုင်လှိုင်မပေါ်သေးဘူး။ ဒါတွေအားလုံး ဆုံသွားတဲ့အတွက် ပန်းဈေးတွေက ထိုးတက်ကုန်တာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်နှစ်က လက်ကားဈေး ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် တန်ဖိုးရှိသည့် ဘုရားပန်း မေမြို့ အက်စတာ အရိုင်းစည်းတစ်စည်းလျှင် ယခုအခါ ကျပ် ၅၀၀၀ မှ ကျပ် ၆၀၀၀ အထိ ဈေးနှုန်းများ မြင့်တက်နေသည်။ ဘုရားပန်း (ရွှေဝါဝင်း) ၁၀ ပင်စည်း တစ်စည်းလျှင် ယခင်နှစ်က ၁၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ ၁၀ ပင်စည်း တစ်စည်းလျှင် ၂၃၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေသည်။
နန်းထက်ထက်ချစ်