တီဟီရန် ဒီဇင်ဘာ ၁
၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီမှုနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့ကြား သွယ်ဝိုက်သော ဆွေးနွေးပွဲကို ငါးလကြာ ရပ်နားပြီးနောက် ပြန်လည်စတင်ကြောင်း သိရသည်။
နောက်ဆုံးအကျော့ ဆွေးနွေးညှိနှိုင်းပွဲကို နိုဝင်ဘာ ၂၉ ရက်က ဗီယင်နာမြို့၌ ကျင်းပခဲ့ပြီး ဥရောပသမဂ္ဂမှ အရာရှိများသည် စေ့စပ်ညှိနှိုင်းသူများအဖြစ် ပါဝင်ခဲ့ကြသည်။ ။
အီရန်သမ္မတအဖြစ် အမေရိကန်များအပေါ် သဘောထား တင်းမာသူ အီဘရာဟင် ရိုင်စီ ဩဂုတ်လအတွင်း အာဏာရရှိ လာပြီးနောက် ပထမဆုံးအကြိမ် အဖြစ် ဆွေးနွေးပွဲစတင်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ၂၀၁၅ အီရန် နျူကလီးယားသဘောတူညီမှုမှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများ လုပ်ကိုင်ခဲ့ပြီးနောက် အီရန်က ပြန်လည်တုံ့ပြန်သည့် အနေဖြင့် ယူရေနီယံ သန့်စင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ။
သွယ်ဝိုက်သော ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း အီရန်နှင့် အမေရိကန်တို့ကြား မတူညီမှုများ ရှိနေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီမှု ဆက်လက်ရှင်သန်စေရေးအတွက် အမေရိကန်နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အဆိုပါ သဘောတူညီမှုမှ နောက်မဆုတ်ရန် သေချာရမည်ဟု အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလီဘက်ဂါရီကာနီ ကပြောသည်။
အီရန်အပေါ် ပိတ်ဆို့မှု အသစ်များ ထပ်မံမလုပ်တော့ဟုလည်း အာမခံရမည်ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါ ကတိ များမှာ အရေးအကြီးဆုံးအရာများ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်နှင့် နောက်ပိုင်းရက်များတွင် အီးယူမှအရာရှိများ အလုပ် သဘော ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ