ပွင့်ဖြူ   ဒီဇင်ဘာ    ၁

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး တောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

 

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ ရာသီ အလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဉ်မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခု ၂၀၂၂-၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင် နိုင်ရေးအတွက် စိုက်ပျိုးရေဖြန့်ဝေမည့်ရက်အား ဒေသခံတောင်သူများ သိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ရေလက်တံမြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ်ပိတ်ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရေး၊ နွေသီးနှံစိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာရရှိရေးတို့အတွက် ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရန် အသိပေးနှိုးဆော်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများအနေဖြင့် ရေလက်တံ မြောင်းများ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းထားကြဖို့နဲ့ လယ်ယမြေများ ပြုပြင်ဆောင်ရွက်ထားဖို့အတွက် ယခုကတည်းက ကြိုတင်ပြီး အသိပေးနှိုးဆော်ထားပါတယ်။ နွေသီးနှံအတွက် စိုက်ပျိုးရေဖြန့်ဝေမည့်ရက်ကိုတော့ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေပေးမှာဖြစ်ပါတယ်။  ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ လျာထားစိုက်ပျိုးဧကအနေနဲ့ နွေစပါးသီးနှံမှာဆိုရင် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ ၁၆၅၉၈ ဧက ၊ မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ ၁၆၄၀၆ ဧက ၊ စုစုပေါင်း နွေစပါးသီးနှံဧက ၃၃၀၀၄ ဧက ဖြစ်ပြီး ၊ နွေနှမ်းသီးနှံမှာဆိုရင် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ ၁၄၀၀၀ ဧက ၊ မြောက်မုန်း မြောင်းမကြီးဆည်ရေသောက်ဧရိယာမှာ ၁၃၄၂၄ ဧက ၊ စုစုပေါင်း နွေနှမ်းစိုက်ဧက ၂၇၄၂၄ ဧက လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဆည်ရေအဝင်နည်းခဲ့တဲ့အတွက် တောင်မုန်း မြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီးကို ဆည်ရေပေးဝေခြင်းကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဆည်ရေဝင်ရောက်မှုများတဲ့အတွက် တောင်မုန်းနဲ့ မြောက်မုန်းဆည်ရေသောက် ဧရိယာက တောင်သူတွေကို နွေစပါးနဲ့ နွေနှမ်း(၂)မျိုးလုံး စိုက်ပျိုးနိုင်မှာဖြစ်ပါတယ်” ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)