မိုးညှင်း ဒီဇင်ဘာ ၁

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် ရှမ်းနီရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူဒါန်းပွဲတော်အား ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။

 

သက္ကရာဇ်(၂၁၁၅)ခုနှစ်မှ (၂၁၁၆)ခုနှစ်သို့ ကူးပြောင်းမည့် (၂၃)ကြိမ်မြောက် ရှမ်းနီ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်း ကပ်လှူဒါန်းပွဲတော်အား နတ်တော်လဆန်း(၁)ရက်နေ့တွင် နှစ်စဉ် ကျင်းပလေ့ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ (၂၂)ကြိမ်မြောက် ရှမ်းနီနှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်း ဆက်ကပ်လှူဒါန်းပွဲတော်ကို အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာအုပ်စု လွဲပေါကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး (၂၃)ကြိမ်မြောက်ပွဲတော်အား အင်းတော်ကြီးဒေသ ပန်းလားကျေးရွာအုပ်စု အိုင်လေးသူကျေးရွာ၌ ကျင်းပရန်အလှည့်ကျဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သဖြင့် မိမိတို့ကျေးရွာအုပ်စုအလိုက် သင့်တော်သလို ရိုးရာမပျက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည် ဖြစ်သည်။

 

အင်းတော်ကြီးဒေသတွင် ရှမ်းနီတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာအုပ်စု(၁၁)စု၊ ရွာပေါင်း(၄၃)ရွာရှိကာ နှစ်သစ်ကူးပွဲတော်ကိုစုပေါင်း၍ ကျေးရွာအသီးသီးတွင် အလှည့်ကြ ကျင်းပပြုလုပ်လေ့ရှိကြပြီး ယခုနှစ်တွင် ပွဲတော်အား စုပေါင်းကျင်းပမည် မဟုတ်သောကြောင့် မိမိတို့ကျေးရွာအုပ်စု အသီးသီးတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားကြမည် ဖြစ်သည်။

 

ရှမ်းနီနှစ်သစ်ကူးပွဲတော်အား တန်ဆောင်မုန်းလကွယ်နေ့ ညသန်းခေါင်အချိန် (၁၂)နာရီအလွန် နတ်တော်လဆန်း(၁)ရက်နေ့တွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ကျေးရွာတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ရှမ်းနီတိုင်ရင်းသား/သူ၊ ဆွေတော်မျိုးတော်များက မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်း၊ မီပုံးပျံများ လွှတ်တင်ခြင်း၊ တိုင်းရင်းသား အကပဒေသာများကပြခြင်း၊ အိုးစည် ဗုံမောင်းများ တီးခတ်ခြင်း၊ နှစ်သစ်ကူးတေးသီချင်းများကို သံပြိုင်သီဆိုခြင်း၊ သက်ကြီးဘိုးဘွားများမှ တရားဓမ္မများရွတ်ဆိုခြင်းတို့ပြုလုပ်ကြကာ နှစ်သစ်ကိုကြိုဆိုလေ့ရှိကြသည်။

 

နတ်တော်လဆန်း(၁)ရက်နေ့တွင် မြတ်စွာဘုရားအားအမှူးပြု၍ ဆရာတော်သံဃာတော်များအား မိမိတို့ရှမ်းနီတိုင်းရင်းသားများက လယ်ယာစိုက်ခင်းများမှထွက်ရှိသော ကောက်ဦးဆွမ်းနှင့် သီးနှံများကို အာရုံဆွမ်းအဖြစ် စုပေါင်းဆက်ကပ်ပူဇော် လှူဒါန်းလေ့ရှိကာ ရှမ်းနီတိုင်းရင်းသားများသည် နှစ်သစ်ကူးခြင်းနှင့် ကောက်ဦးဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ဒေသရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းလျက်ရှိကြကြောင်း သိရသည်။

 

ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)