ညောင်ဦး ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ယခုနှစ် မိုးရွာသွန်းမှုကောင်းခဲ့သဖြင့် အညာကျေးလက်ဒေသများတွင် တောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးသည့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီအချိန်တွင် သီးနှံရိတ်သိမ်းရတော့မည်ဖြစ်၍ ပဲစင်းငုံသီးနှံ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်လျက်ရှိနေကြကြောင်း ညောင်ဦးမြို့နယ် မျက်ခါးတောကျေးရွာမှ ဒေသခံတောင်သူများ ထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများမှ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားဖြစ်လုပ်ကိုင်ကြပြီး အချို့တောင်သူများမှာ တောင်ယာလုပ်ငန်းနှင့် တွဲဖက်ကာ ထန်းလုပ်ငန်းကိုလည်း လုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် တောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးသည့် မြေပဲ၊ ပဲစင်းငုံ၊ နှံစားပြောင်းနှင့် အခြား ဟင်းသီးဟင်းရွက် စားပင်သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်မှာ “ကျွန်တော်တို့ ညောင်ဦးမြို့နယ်မှာ မိုးရွာသွန်းမှုကောင်းခဲ့လို့ တောင်သူများ မိုးဦးမိုးနဲ့ စိုက်ပျိုးတဲ့ မြေပဲ ၊ ပဲစင်းငုံ ၊ နှံစားပြောင်း ၊ ပဲတီစိမ်း စတဲ့ သီးနှံစိုက်ခင်းတွေ ဖြစ်ထွန်းပါတယ်။ ယခုဆိုရင် တောင်သူတွေ မိုးဦးမိုးနဲ့ စိုက်ပျိုးထားတဲ့ မြေပဲစိုက်ခင်းတွေ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ပါတယ်။ မြေပဲသီးနှံစိုက်ပျိုးရာမှာလည်း ပင်ပြန့်မြေပဲ(ခေါ်) ခြောက်လမြေပဲ၊ ဝါဆိုလမှာ စိုက်ပျိုးတဲ့ လေးလပင်ပြန့်မြေပဲနဲ့ သုံးလပင်ထောင်မြေပဲ ဆိုပြီး အမျိုးမျိုး စိုက်ပျိုးကြပါတယ်။ မြေပဲအထွက်နှုန်းကတော့ မြေပဲဆန်မျိုးစေ့ တစ်တင်းကျကို မြေပဲတောင့် အတင်းရေ ၃၀ လောက် ပျမ်းမျှထွက်ရှိပါတယ်။ မြေပဲဈေးနှုန်းကတော့ လက်ရှိမှာ မြေပဲတောင့်တစ်တင်းကို ငွေကျပ် ၁၂၀၀၀ လောက် အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲခင်းတွေ ရိတ်သိမ်းခြွေလှေ့ပြီးတာနဲ့ ပဲစင်းငုံသီးနှံ စိုက်ခင်းတွေကိုလည်း ဆက်လက်ရိတ်သိမ်းခြွေလှေ့ရမှာ ဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံစိုက်ခင်းတွေ ကလည်း မိုးလေဝသကောင်းတဲ့အတွက် သီးနှံသီးအားကောင်းပြီး ဖြစ်ထွန်းပါတယ်။ ဒါ့ကြောင့် ပဲစင်းငုံ ပေါ်ဦးပေါ်ဖျားမှာ ဈေးကောင်းရရှိဖို့အတွက် ဒေသခံတောင်သူတွေက မျှော်လင့်နေကြပါတယ်” ဟု ညောင်ဦးမြို့နယ် မျက်ခါးတောကျေးရွာမှ ဒေသခံတောင်တစ်ဦးက ပြောသည်။
ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းခဲ့သဖြင့် အညာကျေးလက်ဒေသများတွင် တောင်သူများ မိုးဦးမိုးဖြင့် စိုက်ပျိုးသည့် မြေပဲ ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း ၊ နှံစားပြောင်း စသည့် သီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်ကထက် သီးနှံအထွက်နှုန်း ပိုမိုရရှိသဖြင့် ဒေသခံတောင်သူများက သီးနှံရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)