နောင်ချို    ဒီဇင်ဘာလ  ၁   

           

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှု အောက်ရှိ ဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက နောင်ချိုမြို့နယ်အား    Stay at Home အစီ အစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့ပြီးနောက် ယာယီပိတ်ထားခဲ့ရသည့် ဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး၊ ဈေးကော်မတီနှင့် အသေးစိတ်ညှိနှိုင်းတိုင်ပင်၍ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦး၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်တို့က ဈေးများ ပြန်လည်ဖွင့်လှစ်ရာတွင်  ဈေးသည်နှင့်ဈေးဝယ်များ လိုက်နာရမည့် စည်းကမ်းချက်များကို လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုက ဈေးများ ပြန်လည်ဖွင့်လှစ်ရသော်လည်း မပေါ့ဆစေချင်ကြောင်း၊ အသိ၊ သတိနှင့် ဆောင်ရွက်ကြစေလိုကြောင်း၊ လူတိုင်းကာကွယ်ဆေး ထိုးနှံကြစေလိုကြောင်း ပြောကြားခဲ့သည်။

           

ဆက်လက်၍ တက်ရောက်လာကြသော ဈေးကော်မတီများက မိမိတို့ဈေးများအလိုက် ဆောင်ရွက်ထား ရှိမှုအခြေအနေများ၊ ဈေးပြန်လည်ဖွင့်လှစ်နိုင်မည့် နေ့ရက်များကို တင်ပြခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးမှ ဈေးများဖွင့်ခွင့်ရသော်လည်း ဖွင့်ပြီးမကြာ ပြန်ပိတ်ရသည်မျိုး မဖြစ်အောင် အားလုံးစနစ်တ ကျစည်းကမ်းလိုက်နာကြစေလိုကြောင်း၊ စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့်ရရှိစေရေး ဆက်လက်စီ စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ထွေးငယ်(ပြန်/ဆက်)