ရန်ကုန် ဒီဇင်ဘာ ၁

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ဖန်ချက် စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့၊ အောင်ဆန်း တောရတပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသောဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်နှင့်ဆီတို့ကို ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ပုလဲလမ်းမကြီးသို့ သွား ရောက်၍ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သံမဏိစက်ရုံရှေ့တွင် အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော အရှည် ပေ ၈၀၀၊ အကျယ် ၄ ပေ၊ အနက် ၅ ပေရှိ အုတ်ရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်သည် စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းအနီး ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရှေ့တွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသော အရှည် ပေ ၆၇၀ ၊ အကျယ် ၁၂ ပေရှိ  Interlock  လူသွားစင်္ကြံခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လူသွားစင်္ကြံအား အုတ်တံတိုင်းအစပ်ထိ အပြည့်ခင်းရန်၊ စင်္ကြံပေါ်ရှိ အရိပ်ရအပင်များမှ အုပ်မိုးကိုင်းများအား ခုတ်ထွင်းပုံသွင်း၍ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက် ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ထို့နောက် မြို့တော်ဝန်သည် နံနက် ၉ နာရီတွင် ကျောက်တံတားမြို့နယ် မဟာ ဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော်ခန်းမသို့ရောက်ရှိပြီး အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့် ခွဲမှု)မှ ဆောင်ရွက်နေသော အလျား ပေ ၇၀ ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလံ (၁) သိန်း ဆန့် ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

(သတင်းစဉ်)