ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၉) ရာဇသတ်ကြီး စာအုပ်ကို ထုတ်ဝေပြီးဖြစ်သည်။
ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ ယခုအကြိမ်တွင် ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော Penal Code ကို ရာဇသတ်ကြီးအဖြစ် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရာဇသတ်ကြီးစာအုပ်သည် ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူ အာဏာတည်ကြောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ဥပဒေဘာသာပြန်ကော်မရှင် ဥက္ကဋ္ဌက အမိန့်အမှတ် ၇/၂၀၂၁ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့ပါ၍ ယခုရာဇသတ်ကြီးစာအုပ်သည် တရားဝင်ကိုးကားသုံးစွဲနိုင်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် အဖိုးတန်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး လူတိုင်းအတွက် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်