နေပြည်တော် ဒီဇင်ဘာ ၁
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းခံရသည့် ရဟန်းတော် အပါး ၃၀၊ သီလရှင် ၂ ပါး၊ လူပုဂ္ဂိုလ်သာသနာပြု ၂ ဦးနှင့် သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ရ အမျိုးသား ၂ ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်အပ်နှင်း ချီးမြှင့်ခဲ့ပါကြောင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက် ၆ ချက်၊ အနက် ၁ ချက် အပါအဝင်ဖြစ်သည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဟူသော အချက်နှင့်အညီ သာသနာတော်ကြီး သန့်ရှင်းတည်တံ့နိုင်ရေး ဆောင်ရွက်တော်မူကြသော သံဃနာယက၊ သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ပရိယတ္တိစာပေ သင်ကြားပို့ချခြင်း၊ ပဋိပတ္တိ ကျင့်ကြံအားထုတ်ခြင်း၊ ပဋိဝေဓထိုးထွင်းသိမြင်ခြင်း တည်းဟူသော သာသနာတော်သုံးရပ် အရှည်ခံ့တည်တံ့စေရန် ရည်သန်ကြိုးကုတ် အားထုတ်လျက်ရှိကြသော သာသနာပြု သာသနာ့ဝန်ဆောင် ဆရာတော်ကြီး များ၏ ဆောင်ရွက်ချက်များကို ပိုမိုအောင်မြင်စေရေး ပါရမီကုသိုလ်ယူ လှူဒါန်းထောက်ပံ့နေကြသော လူပုဂ္ဂိုလ်များကို ယခုကဲ့သို့ ဂုဏ်ရည်အလိုက် ဘွဲ့တံဆိပ်တော်များကို အပ်နှင်းနိုင်သဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ရာ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကျော်ဇေယျအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း၊ သီရိ သုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ ဦးကျော်မင်းထွန်းကိုယ်စား ဦးကောင်းထက်အောင် (စိုးလျှပ်စစ်)အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်