နေပြည်တော်၊ ဒီဇင်ဘာ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်  AHA Centre တို့ ပူးပေါင်းဆောင်ရွက်နေသော  မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအရ Familiarisation Workshop for Mid-Level Officials on ASEAN Mechanism အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင် က  ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်နိုင်မှု အနေအထားနှင့် အလုပ်ရုံဆွေးနွေးပွဲ ဦးတည်ချက်များ ပိုမိုထိရောက်စေရန်အတွက် Online စနစ်နှင့် လူကိုယ်တိုင် တက်ရောက်နိုင်ရေး စနစ်နည်းလမ်း(၂)မျိုးဖြင့် ကျင်းပနိုင်ရေးကိုစီစဉ်ခဲ့ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို နေပြည်တော်၌လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း၊ တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာတာဝန်ရှိသူများကို ရခိုင်ပြည်နယ်စစ်တွေမြို့၌လည်းကောင်း အုပ်စုနှစ်စုခွဲခြား၍ လူကိုယ် တိုင် တက်ရောက်သည့် နည်းလမ်းဖြင့်လည်းကောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Center မှ တာဝန်ရှိသူများက On line ဖြင့်လည်းကောင်း တက်ရောက်ဆွေးနွေး ဆောင်ရွက်ရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ အထောက်အကူပြုရန်အတွက် မြန်မာ နိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှု ဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ပံ့မှုပေးခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို Japan-ASEAN Integration Fund (JAIF) ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ၎င်းတွင် လုပ်ငန်းစဉ်(၃)ခုပါဝင်ရာ ယခုအလုပ်ရုံဆွေးနွေးပွဲသည် လုပ်ငန်းစဉ်(၃)ဖြစ်ပြီး၊ အဓိကရည်ရွယ်ချက်မှာ အာဆီယံနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အာဆီယံ၏ မူဝါဒများ၊ လမ်းညွှန်များ၊ လုပ်ငန်းများနှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတက်ရောက်သူများအနေဖြင့် အာဆီယံ၏မဏ္ဍိုင်(၃)ခုနှင့် ၎င်း၏လုပ်ငန်းများ ကိုထဲထဲဝင်သိရှိမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကို  ပြန်လည်နေရာချထားရေး၊ ပြန်လည်လက်ခံရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန် အတွက်  ရှုထောင့်အမျိုးမျိုးမှ ပါဝင်နိုင်စေရန် အဖွဲ့အလိုက် ဆွေးနွေးမှုများရှိပါကြောင်း၊ တက်ရောက် လာသူများသည် အတွေ့အကြုံကောင်းများရှိပါသဖြင့် ထဲထဲဝင်ဝင်ဆွေးနွေးပေးရန်တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။ 
      
ထို့နောက် လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်ကိုအတွက် အာဆီယံ၏ပူးပေါင်းမှုများကို ဆွေးနွေးပြောကြားသည်။
 
Familiarisation Workshop for Mid-Level Officials on ASEAN Mechanism သို့ ပြည်ထောင်စု ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာကိုယ်စားလှယ် များက နေပြည်တော်နှင့် စစ်တွေမြို့တို့မှ စုဖွဲ့တက်ရောက်ခဲ့ကြပြီး၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များက Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)