နေပြည်တော် ဒီဇင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင် ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များ ချီးမြှင့်အပ်နှင်းသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင် များနှင့် ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ၊ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် အမျိုးသားနှင့် အမျိုးသမီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး စဉ်ဆက်မပြတ် တိုးတက်ထွန်းကားပြန့်ပွားစေရန်အတွက် သံဃာတော်အရှင်သူမြတ်များက ဂန္ထဓုရ၊ ဝိပဿနာဓုရဟူသော ဓုရနှစ်ဖြာ သာသနာကို အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြပြီး နိုင်ငံသူ၊ နိုင်ငံသားအပေါင်းအား ပစ္စုပ္ပန်၊ သံသရာကြီးပွားရာ ကြီးပွားကြောင်း နည်းလမ်းကောင်းများကို အခွင့်အခါသင့်တိုင်း ဟောကြားပြသလျက်ရှိကြပါကြောင်း၊ ဗုဒ္ဓဘာသာဝင် နိုင်ငံသူနိုင်ငံသားများကလည်း သာသနာတော်အတွက် မရှိမဖြစ်လိုအပ်သည့် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းများကို ကြည်လင်သည့် သဒ္ဓါတရား၊ ထက်သန်သည့် စေတနာအားများဖြင့် ထောက်ပံ့ လှူဒါန်းလျက်ရှိကြပါကြောင်း၊ ဤကဲ့သို့အလှူရှင်အပေါင်းတို့၏ စေတနာသဒ္ဓါတရား တို့ကို နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်အားပေးအသိအမှတ်ပြု ဆောင်ရွက်မြဲ ဖြစ်သည့် မဟာကုသိုလ်တော်တစ်ရပ်မှာ သာသနာ့ ဒါယကာ၊ ဒါယိကာမများကို သာသနာ တော်ဆိုင်ရာ နုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပင် ဖြစ်ကြောင်း။
“သာသနာနုဂ္ဂဟ” ဆိုသည့်စကားသည် သာသနာတော်ကို ပစ္စည်းလေးပါးတို့နှင့် ထူးကဲစွာလှူဒါန်းထောက်ပံ့ခြင်းဟု အဓိပ္ပါယ်ရသည်ဟု လေ့လာသိရှိရကြောင်း၊ အနက် အဓိပ္ပါယ်အားဖြင့် ရိုးရှင်းလှသော်လည်း လုပ်ငန်းဆောင်တာအားဖြင့် “စိရံ တိဋ္ဌတု သဒ္ဓမ္မော” ဟူသောဒေသနာတော်နှင့်အညီ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး နှစ်ငါးထောင်မက အရှည်ခန့်၍ တည်တံ့စေရန်ဟူသော မွန်မြတ်သည့် သမ္မာဆန္ဒနှင့် အကြီးအမှူးပြုသူများဟု ပြောဆိုရမည်ဖြစ်ကြောင်း။
သာသနာနုဂ္ဂဟဘွဲ့ကို ချီးမြှင့်အပ်နှင်းရာတွင် ဥပါသကာဂုဏ်ရည် ၁၀ ပါးနှင့် ပြည့် စုံရမည်ဖြစ်သဖြင့် ထိုဥပါသကာဂုဏ်ရည်များတွင် မိမိနှင့်သံဃာ အေးအတူပူအမျှ၊ ချမ်း သာတူ ဆင်းရဲမခွဲနေတတ်သူဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏တရားတော်ကိုသာလျှင် အကြီးအမှူး ထားသူဖြစ်ခြင်း၊ မိမိ၌ရှိသော ပစ္စည်းဥစ္စာအင်အားအလျောက် ဝေဖန်ပိုင်းခြားလှူဒါန်း ခြင်း၌ မွေ့လျော်တတ်သူဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး ပျက်ပြား ဆုတ်ယုတ်သည်ကို သိရ၊ ကြားရ၊ တွေ့မြင်ရသော် တိုးတက်စည်ပင်အောင် ကြိုးပမ်း အားထုတ်သူဖြစ်ခြင်း၊ ကောင်းသောအယူဝါဒရှိသူဖြစ်ခြင်း၊ သင့်တင့်ညီညွတ်ခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်ခြင်း၊ အမြင်ထူး၊ အကြားထူး စသည်ကို မင်္ဂလာဟု လက်မခံဘဲ ဗုဒ္ဓမှတစ်ပါး အခြားမည်သူ့ကိုမျှ ဆရာမတင်နိုင်သူဖြစ်ခြင်း၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာကို စောင့်စည်းတတ်သူဖြစ်ခြင်း၊ ငြူစူမှုကင်းကာ ကောက်ကျစ်စဉ်းလဲသည့် အစွမ်းဖြင့် သာသနာတော်၌ ကျင်လည်ကျက်စားသူမဖြစ်ခြင်း၊ ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်အားထားရာဟူ၍ မပြတ်ဆည်းကပ်တတ်သူဖြစ်ခြင်း စသည့်အချက်များနှင့် ပြည့်စုံကြသည်သာမက သက်ဆိုင်ရာ ကျောင်းတိုက်အသီးသီးတွင် အထူးသဖြင့် နယ်စပ် နှင့် တောင်တန်းဒေသများတွင်သာသနာပြုတာဝန်ထမ်းဆောင်လျက်ရှိသည့် သာသနာပြု ရဟန်းတော်များ ပစ္စည်းလေးပါးတို့ဖြင့် မပင်ပန်းရလေအောင် ထာဝရဆွမ်းပဒေသာပင်၊ ဆေးပဒေသာပင်များ စိုက်ထူလှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် နယ်စပ်နှင့် တောင်တန်းဒေသများရှိ ဗုဒ္ဓဘာသာဝင်ကလေးငယ်များနှင့် ကျေးလက်ဒေသများရှိ နွမ်းပါးသည့် ကလေးငယ်များကို ရှင်ပြုပေးပြီး ရှင်ဒါယကာ၊ ဒါယိကာမ၊ ရဟန်း ဒါယကာ၊ ရဟန်းဒါယိကာမများအဖြစ် ရယူခြင်းဖြစ်သည့်အတွက် ဘုရားရှင် အလိုတော်ကျ သာသနာ့အမွေကို ခံယူထားသူများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။
ခေတ်ကာလအလျောက် သာသနာတော် ထွန်းကားပြန့်ပွားခြင်း၊ ဆုတ်ယုတ်ခြင်း တို့နှင့်စပ်လျဉ်း၍ ဆရာတော်ကြီးများက “ခေါက်ရှာငှက်များ ပျံသန်းတဲ့အခါ နိမ့်ချည် တစ်ခါ မြင့်ချည်တစ်လှည့် ပျံသန်းသကဲ့သို့ သာသနာတော်၏ ဆုတ်ယုတ်ခြင်း၊ စည်ပင် ပြန့်ပွားခြင်းသဘောသဘာဝသည် လောကဓံသဘောပင်ဖြစ်သည့်အတွက် ခေါက်ရှာငှက် တို့၏ ပျံသန်းပုံနှင့်တူကြောင်း၊ တိုင်းပြည်အုပ်ချုပ်သော ပုဂ္ဂိုလ်တို့သည် သာသနာတော် ကို ကြည်ညိုတတ်၊ မြတ်နိုးကော်ရော်ပူဇော်တတ်၊ ချီးမြှောက်တတ်သော ပုဂ္ဂိုလ်များ ဖြစ်ပါက သာသနာတော်ဟာလည်း ထက်ဖျားသို့တိုင်မြင့်၍ တင့်၍ စည်ပင်ပြန့်ပွားလေ့ ရှိကြောင်း၊ ထိုသို့မဟုတ်ပါက နိမ့်ကျကာ ဆုတ်ယုတ်တတ်ကြောင်း” စသည်ဖြင့် ခေါက်ရှာ ငှက်များ၏ ပျံသန်းတတ်သည့် အခြင်းအရာကို ပမာပြု၍ နှိုင်းယှဉ်မိန့်ကြားလေ့ ရှိသည်ကို သတိပြုအမှတ်ရမိပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဗုဒ္ဓဘာသာဝင် နိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ လှူဒါန်းထောက်ပံ့ရေးနှင့် အခြားပံ့ပိုးဆောင်ရွက်ဖွယ် ရာများကို အထူးအလေးထားကြိုးစား ဆောင်ရွက်သွားမည်ဖြစ်သည်ကို ထည့်သွင်း ပြောကြားလိုကြောင်း။
ယခုကဲ့သို့ ထူးခြားမြင့်မြတ်ကာ ဘုန်းကံကြီးမားသည့် သာသနာတော်မြတ်ကြီးကို ဘုန်းကံပါရမီ ရှိသူတို့သည်သာလျှင် ချီးမြှောက်ထောက်ပံ့ခွင့်၊ သာသနာပြုခွင့်ရရှိကြ သည့် အားလျော်စွာ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ထိုကဲ့သို့ သော ပါရမီရှင်များကို သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းသည် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုသင့် ဂုဏ်ပြု ထိုက်၊ ချီးမြှင့်သင့် ချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး အန္တရာယ်ခပ်သိမ်း ပပျောက်ငြိမ်းလျက် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့ အမှန်ပင်ရရှိကြလိမ့်မည်ဟု အခိုင်အမာယုံကြည်မိပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချု်ပရေးကောင်စီအမှူးပြုသည့် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့နှင့်တကွ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ ပုဂ္ဂိုလ်များသည် မြတ်စွာဘုရားရှင်၏ အနှိုင်းမဲ့သည်းခံခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းရေး တရားဒေသနာတော်များကို ထွန်းသစ်စနေဝန်းပမာ မြန်မာမှသည် ကမ္ဘာသို့တိုင်အောင် ထွန်းလင်းတောက်ပစေရေး အစဉ်အားပေးနိုင်ကြပါစေကြောင်း။
ပရိယတ်၊ ပဋိပတ် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်တော်မူနေကြ သည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးများ၊ နယ်စပ်နှင့် တောင်တန်းဒေသ များတွင် အခက်အခဲပေါင်းများစွာနှင့် သာသနာပြုလျက်ရှိကြသည့် သာသနာပြု ဆရာတော် များနှင့် သာသနာပြု သီလရှင်ဆရာကြီးများ၊ ဘုန်းတော်ကြီးသင်ပညာရေးနှင့် သီလရှင်သင် ပညာရေးကျောင်းများတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ပစ္စည်းလေးပါးတို့နှင့် မပင်ပန်းရစေရန် ဆရာဒကာ တွဲလက်ညီညာစွာဖြင့် လှူဒါန်းထောက်ပံ့ သာသနာပြုနိုင်ကြပါစေကြောင်း၊ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးများဖြစ်ကြလျက် နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးတို့ကို ကျန်းမာရွှင်လန်း သောကိုယ်စိတ်နှစ်ပါးတို့ဖြင့် ဆထက်ထမ်းပိုး ဆက်လက်သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေ ဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရဘွဲ့ရ ဦးအောင်အောင်၊ ဦးလှထွန်း၊ ဦးသန်းဝင်းနှင့် ဦးလီကျန်းချန်(ခ)ဦးလျိုအားပေါက် တို့ကို လည်းကောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ရ ဒေါက်တာ လှဝင်းအောင်၊ ဦးစိုးသန်းထွန်းနှင့် ဦးဇေယျသူရမွန်တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်များ နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရ ဒေါ်ခင်မြင့်ဦး၊ ဒေါ်မေသက်မော်၊ ဒေါ်ခင်ရွှေ၊ ဒေါ်ရွှေဥ၊ ဒေါ်သန်းသန်းစိန်၊ ဒေါ်သန်းမြ၊ ဒေါ်နန်းခင်ညွန့်နှင့် ဒေါ်ဝင်းမြင့် တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်က အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရ ဒေါ်မြင့်မြင်သန်း၊ ဒေါ်ဌေးဌေးသိန်း၊ ဒေါ်ကြည်ပြာခိုင်(ကိုယ်စား) ဒေါ်ဝင်းဇာနည်ပိုင်၊ ဒေါ်သီတာစန်း၊ ဒေါ်ခင်သန့်ဇင်နှင့် ဒေါ်အိသန္တာဘို တို့ကိုလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်များကို ချီးမြှင့်အပ်နှင်းသည်။
ယနေ့ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားတွင် အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရဘွဲ့ရအမျိုးသား ၇ ဦး၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ ဘွဲ့ရအမျိုးသမီး ၁၄ ဦးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင် များကိုချီးမြှင့်အပ်နှင်းခဲ့ပြီး ကျန်ရှိသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၅၂ ဦးတို့ကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် သတ်မှတ်နေရာများတွင် အသီးသီးချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)