ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘတ်ဂျက် ပြည်ထောင်စု ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြင်သာတောင် ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ ကျင်းကြီးကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကို မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မြင်သာတောင်ကျေးရွာအုပ်စု၊ ခါးပတ်ကျေးရွာ ကျင်းကြီးကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကို Mega Glory ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် (၁၀၀ ဒသမ ၇)သန်းဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကျင်းကြီးကုန်ထုတ်လမ်းမှာ (မြေသား+ဂျင်း) ခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ် Slab Culvert (၆)စင်း၊ ရေကျော် (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်မီပြီးစီးရေး စသည့်လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ လမ်းနှင့် တံတားလုပ်ငန်းများကို နိုဝင်ဘာ ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်း၏ (၁၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ လုပ်ငန်းအားလုံးပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၄၀၄)အိမ်မှ လူဦးရေ (၂၁၅၈)ဦး၏ အကျိုးပြုလယ်ယာမြေ ဧက (၂၅၀)ဧကအတွက် အကျိုးကျေးဇူး ရရှိခံစားရမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)