ပင်းတယ  ဒီဇင်ဘာ  ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအများအပြားရှိ တောင်ယာစိုက်ကွင်းများ၌  မေလကုန်ပိုင်းတွင် ရင်းနှီးပြုစု စိုက်ပျိုးထုတ်လုပ် ခူးဆွတ်ရောင်းချလျက်ရှိသော ခရမ်းသီးများသည် ယခုနိုဝင်ဘာလ စတုတ္ထပတ်သီးနှံရင့်၍ ခူးဆွတ်ရောင်းချနိုင်ချိန်၌ သီးနှံစျေးနှုန်းများ အသင့်အတင့်ရှိကြောင်း သိရှိရသည်၊

 

အဆိုပါခရမ်းသီးစိုက်ခင်းများ စိုက်ပျိုး၍ အကြိမ်ရေများစွာ ရရှိခူးဆွတ်ရောင်းချပေးနေသည့် သရက်ကုန်းကျေးရွာအုပ်စုမှ ခရမ်းသီးစိုက်ပျိုးတောင်သူ ကိုကျော်ရွှေ၏ သားဖြစ်သူကို မေးမြန်းကြည့်ရာ၌ "ကျွန်တော့် ခြံစိုက်ခင်းကနေ အပင်ရေ(၁၂၀၀၀)ကို စိုက်ပျိုးထားပြီး ယခုက ခုနှစ်ကြိမ်မြောက် ခူးဆွတ်ရောင်းချပေးရာမှာ ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို(၆၀၀)နှင့် (၇၀၀)ကျပ် ရရှိခဲ့ပေမယ့် အခုခူးဆွတ်ရောင်းချတာက တစ်ပိဿာကို ငွေငါးရာကျပ်ပဲ ရပါတယ်ဗျ၊ တစ်နေ့လျှင် ခူးဆွတ်ပေးနေတဲ့ အလုပ်သမား(၁၀)ဦး ခန့်ရှိပြီး တစ်ဦးလျှင်နေ့ခ(၃၅၀၀)ကျပ်နဲ့ ငှားရမ်းရတယ်ဗျ၊ ခရမ်းသီးခူးဆွတ်ရောင်းချရတဲ့ အကြိမ်ရေက(၆)ကြိမ်ထိ ခူးဆွတ်ရပြီးအခုဆိုရင် နောက်ဆုံးအကြိမ် ရောက်ရှိတော့မှာမို့ တစ်ပိသာလျှင်(၈၀၀)ကျပ် စျေးနှုန်းရရှိမယ်လို့ ထင်ပါတယ်၊ အပင်ရေ(၁၂၀၀၀)အတွက် စိုက်ပျိုးစရိတ် ကုန်ကျငွေက သိန်းနှစ်ဆယ်ကျော်ရှိခဲ့ပါတယ်ဗျ"ဟု ရှင်းလင်းပြောကြားပေးခဲ့သည်။

 

ပင်းတယမြို့ပေါ်ရွာငယ်၊ ငှက်ပျောတော၊ အနောက်အုပ်၊ ပေါက်တော၊ ဟော်ကုန်း၊ ဆင်ခေါင်း၊ ရွာသစ်၊ စျေးတန်းအစရှိသည့် ရပ်ကွက်များ၌ ခရမ်းသီးအပင်ရေ ၁၀၀၀ မှ ၂၀၀၀ခန့် အထိ စိုက်ပျိုးလုပ်ကိုင်ကြပြီး ကျုံး၊ ပွေးလှ၊ တမဲ၊ သရက်ကုန်း၊ ကူးကော်၊ ထွက်နီ၊ တောင်ပေါ်ကြီး၊ အင်းငယ်၊ ညောင်ကောက်၊ သပြေကုန်း၊ ရေဖြူ၊ ရွှေပုထိုး၊ မိုင်းလီ၊ တောင်ရှည်အစရှိသော ကျေးရွာအုပ်စုများရှိ ကျေးရွာအများအပြား၌ အပင်ရေထောင်ချီသောင်းချီ စိုက်ပျိုးထုတ်လုပ် ရောင်းချပေးလျက်ရှိကြောင်းလည်း သိရှိရသည်။

 

မိုးမိုးထွေး