မိတ္ထီလာ ၊ ဒီဇင်ဘာ ၂

 

မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေး ပြုလုပ်နည်းသင်တန်းကို ဒီဇင်ဘာလ ၂ ရက် နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

           

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က   အမျိုးသမီးငယ်များ နေ့စဉ်အသုံးပြုလျက်ရှိသည့် လူသုံးကုန်ပစ္စည်းများကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်သုံးစွဲနိုင်စေရန်နှင့် မိသားစုစီးပွားရေးလုပ်ငန်းအဖြစ် အရင်းအနှီး အနည်းငယ်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပညာရှင်များနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယခုလို အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း ၊ သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ လာရောက် တက်ရောက်နိုင်ပါကြောင်း  ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေးပြုလုပ်နည်း သင်တန်းနည်းပြဆရာ ဦးမျိုးအောင်က ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလှမ်းများ ရရှိစေရန် မိမိ တက်မြောက်ထားသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဖြန့်ဝေပေးခြင်းဖြစ်ပါကြာင်းနှင့် အခြား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာရပ်များကိုလည်း ဆက်လက်၍ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး ၎င်းသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ခေါင်းလျှော်ရည်နှင့် ဆံပင်ပေါင်းဆေးပြုလုပ်နည်း  ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

                                                                                   

သိန်းမြင့်ကျော်(မိတ္ထီလာ)