ပဲခူး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြာ်သူ ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် အချိန်တိုးမြှင့်ခွင့်ပြုထားကြောင်း သိရသည်။
ရွှေမော်ဓောစေတီတော်မြတ်ကြီးအား နေ့စဉ် ဘုရားလာရောက်ဖူးမြော်သူများကာ စည်ကားလျက်ရှိသဖြင့် လာရောက်ဖူးမြော်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖူးမြော်ခွင့်ပြုထားကြောင်း၊ နေ့စဉ် လာရောက်ဖူးမြော်သူများ မပြတ်ရှိပြီး ရုံးပိတ်ရက်များနှင့် အခါကြီးရက်ကြီးနေ့များတွင် ဘုရားဖူးလာရောက်ကြသူများ ပိုမိုများပြားကြောင်း သိရသည်။
ယခင်က စေတီတော်မြတ်ကြီးအား နံနက် ၆ နာရီမှ ၁၀ နာရီအထိ၊ ညနေ ၃ နာရီမှ ၆ နာရီအထိ ဖူးမြော်ခွင့်ပြုခဲ့ရာမှ နိုဝင်ဘာ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖူးမြော်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလို ဖူးမြော်ခွင့်ကို အချိန်တိုးပေးလိုက်တော့ အေးအေးဆေးဆေး ဖူးမြော်ရတာပေါ့၊ ဟိုးအရင်လို ည(၉)နာရီအထိ ဖူးမြှော်ခွင့်ကတော့ ကြာအုံးမယ်နဲ့ တူတယ်။ ည (၉)နာရီအထိ ခွင့်ပြုခဲ့တုန်းက ရင်ပြင်တော်ပေါ်မှာ အေးအေးဆေးဆေး ပုတီးစိပ်သူ၊ ပဋ္ဌာန်းရွတ်သူတွေ ဆီမီးအလင်းတိုင် ထွန်းညှိပူဇော်ကြသူတွေ ပိုများတာပေါ့။ ခုလည်း အချိန်တိုးပေးလိုက်တော့ ဘုရားလာဖူးသူတွေအတွက် အဆင်ပြေပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးမြို့သည် ဒုတိယမြန်မာနိုင်ငံတော်ကြီးအား တည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများစွာရှိသည့် ဒေသလည်းဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်လည်း တစ်ဆူအပါအဝင်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဉာဏ်တော်သည် ပေပေါင်း(၃၇၃)ပေနှင့် (၉)လက်မရှိသည်။ ရွှေမော်ဓောစေတီတော်မြတ်သို့ ဘုရားဖူးလာရောက်ကြသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရန် တာဝန်ရှိသူတို့မှ ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်း သိရသည်။
မောင်ယဉ်ဦး