ရန်ကုန် ဒီဇင်ဘာ ၂

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း၊ MCC ခန်းမ၌  ယာဉ်ယန္တရားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာနမှ 20 Ton Liquid Oxygen Tank  နှင့် ဆက်စပ်ပစ္စည်းများ  ကြံ့ခိုင်ထိန်းသိမ်းရေး ဆောင်ရွက်ထားမှုနှင့် ဖြည့်တင်းပေးမှုကိုလည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ MCC ခန်းမကြီးအတွင်းနှင့် မြန်မာ-အိန္ဒိယ ဖွံ့ဖြိုးရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် Quarantine Center အဆောင်သစ်များတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အသွားလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရန် လက်ခံနေရာချထား စီမံဆောင်ရွက်ပေးမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ MCC ခန်းမရှေ့မှ တော်ဝင်လမ်းအထိ  (၄) လမ်းသွားလမ်းအား အကျယ် ၇၂ ပေ (၆)လမ်းသွား ရရှိအောင် လမ်းဝဲ/ယာကို ၁၄ ပေစီ တိုးချဲ့ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းခင်းပြီးပါက လမ်းသားနှင့် ရေမြောင်းကြား သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်နှင့် မင်းဓမ္မလမ်းမှ တော်ဝင်လမ်းသို့ ကွေ့ဝင်သည့်နေရာတွင် ယာဉ်များအဆင်ပြေစွာ သွားလာနိုင်ရေးဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ပြည်လမ်းပေါ်ရှိ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာန၊  စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ပြီး ကုန်တင်၊ ကုန်ချယာဉ်များ ပိတ်ဆို့မှုမရှိစေရေး၊ လမ်းမြေပေါ် ကျူးကျော်ခင်းကျင်းမှုများ မရှိစေရေးနှင့် ပွဲရုံဝင်းအတွင်း သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် အမှိုက်များ စုပုံထားမှုကို သိမ်းဆည်းရှင်းလင်းရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများအား ရှင်းလင်းဆောင်ရွက်နိုင်ရေး မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသော ဗဟိုလမ်းနှင့် ဘုရင့်နောင်လမ်းအကြား ပါရမီလမ်း ဝဲ/ယာ၊ ယာဉ်ရပ်နား ရန်နေရာနှင့် အကျယ် ၈ ပေရှိ လူသွားစင်္ကြံစက်ဘီးလမ်း ခင်းကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် ဘုရင့်နောင်လမ်းမပေါ်ရှိ ဈေးများနှင့်ကုန်စည် ပွဲရုံများဌာန၊ ရွှေပိတောက်ငါးဈေး၌ ငါးဒိုင်များ ရောင်း/ဝယ်ဖောက်ကားနေမှုကို ကြည့်ရှုစစ်ဆေးပြီး စျေးအတွင်း သန့်ရှင်းသာယာရေး၊ စျေးအတွင်း ငါးဒိုင်များတွင် လုပ်ကိုင်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နှာခေါင်းစည်းများ တပ်ဆင်ရေးနှင့် ပြည်တွင်းစားသုံးမှု ဖူလုံစေရေး ဆောင်ရွက်ပေးနေသည့် လက်ကားဈေးကြီးဖြစ်သဖြင့် Mass Production ထုတ်လုပ်ဖြန့်ဖြူးမှု စနစ်ပိုမိုအဆင့်မြင့်တိုးတက်စေရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်