နေပြည်တော် ဒီဇင်ဘာ ၂

 

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက် ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ဆေးဘက်ဆိုင်ရာဌာနခွဲ ၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Medical Center) ၌ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းကို အမျိုးအစားအလိုက် Power  ပိုင်း (၂)မျိုး၊ Muscle Strength ပိုင်း (၁၀)မျိုး၊  Flexibility ပိုင်း (၄)မျိုး၊ Speed Test ပိုင်း (၃)မျိုး၊ Balance Test  စစ်ဆေးမည့် စက်ပစ္စည်းများနှင့် အားကစားသမားတစ်ဦးချင်းစီ စစ်ဆေးပြုလုပ်နေမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒို အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ပိုက်ကျော်ခြင်းအားကစားသမားများ၏ လေ့ကျင့်နေမှု များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီးက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေလလယ်တွင် ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲနီးကပ်လာပြီး ဖြစ်သည့် အတွက် အားကစားသမားအားလုံး ကျန်းမာရေး အထူးဂရုစိုက်ကြရန်၊ အရည်အချင်း ပြည့်မှီရန်၊ ကြံ့ခိုင်မှုစွမ်းအားတိုးတက်ရန်၊ လေ့ကျင့်နေမှုပျက်ကွက်ခြင်း များမရှိရန် အမြဲကြိုးစားလေ့ကျင့်နေရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာမကျစေရန်နှင့် နိုင်ငံတကာ အလယ်တွင် မျက်နှာမငယ် စေရန်အတွက် အားကစားသမားများအားလုံး၊ စိတ်ဓာတ်ခိုင်မာမှု၊ နည်းစနစ် ကျွမ်းကျင်မှု၊ ဖြတ်ထိုးဉာဏ်သုံး၍ ယှဉ်ပြိုင်ကစားနိုင်ရန်    ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားလေ့ကျင့်ကြရန် လိုအပ်ကြောင်း။

 

ကျန်းမားရေးမကောင်းပါက လေ့ကျင့်ထားမှုများ၊ အပင်ပန်းခံကြိုးစားထားမှုများ အလဟဿဖြစ်နိုင်သည့် အတွက် ကျန်းမာရေးကောင်းရန် နေထိုင်စားသောက်လေ့ကျင့်နေမှုများ အစစအရာရာ အထူးဂရုစိုက်ကြရန် လိုအပ် ကြောင်း၊ ခံနိုင်ရည်အားထက် ပိုမိုပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ်ခြင်းကြောင့် Injury ရရှိပါက နိုင်ငံအတွက် နစ်နာနိုင်မည်ဖြစ်၍ မိမိကျွမ်းကျင်မှု၊ ကြိုးစားလေ့ကျင့်ခဲ့မှုများကို ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးပြီး မိမိကိုယ်တိုင်ရော၊ မိမိအားကစားနည်းရော၊ မိမိနိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးရမည်ဖြစ်ပါကြောင်း၊  "လှေခွက်ချည်းကျန် အလံမလဲ" ဆိုသည့် စကားပုံအတိုင်း နိုင်ငံချစ်စိတ်၊ အားကစားနည်းကိုချစ်စိတ်၊ အဖွဲ့အစည်း စိတ်ဓာတ်ထားရှိပြီး အချင်းချင်းရိုင်းပင်းကူညီ၍ ကြိုးစားလေ့ကျင့်သွားကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကို မညာဘဲ လေ့ကျင့်မှုပြုလုပ်နိုင် သလောက်၊ခံနိုင်ရည်စွမ်းအားရှိသလောက် အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများအားလုံး သတ်မှတ်ထားသည့် လေ့ကျင့်ချိန် အတိုင်း၊ နည်းပြများ၏ သင်ကြားပြသမှုအတိုင်း ကြိုးစားလေ့ကျင့်ကြရန်နှင့် အားကစားသမားများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပြီး အားကစားနည်းအလိုက် အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)