ပခုက္ကူ  ဒီဇင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ Myanmar Efforts အထည်ချုပ်စက်ရုံကုမ္ပဏီမှ လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအစီအစဉ်ဖြင့် ဒီဇင်ဘာလ ၂ရက် နံနက် ၈နာရီခွဲက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြနွယ်ခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးနှင့်ဝန်ထမ်းများ၊ စက်ရုံဝန်ထမ်းများပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေရာချထားခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးကြရာ အမျိုးသား(၄၁)ဦး၊ အမျိုးသမီး(၈၃၉)ဦး၊ စုစုပေါင်း (၈၈၀) တို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

 

Myanmar Efforts အထည်ချုပ်စက်ရုံကုမ္ပဏီသည် Hong Kong အထည်ချုပ်စက်ရုံခွဲဖြစ်ပြီး  ဝန်ထမ်း (၁၉)ဦး၊ အာမခံအလုပ်သမား (၁၀၅၅)ဦး၊ စုစုပေါင်း (၁၀၇၄)ဦးရှိပြီး မိမိနီးစပ်ရာဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၀၆)ဦး ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် လူမှုဖူလုံရေး အစီအစဉ်ဖြင့် မြို့နယ်ကိုဗစ်ကော်မတီဝင်များနှင့် ပူးပေါင်း၍ ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်း ရှိ  စက်ရုံ၊အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကျန်ရှိမှုမရှိစေရေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးက ပြောသည်။

 

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)