ဝန်းသို   ဒီဇင်ဘာ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ မြို့သစ် အခြေခံပညာအလယ်တန်း ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူများအား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ကျောင်းဝတ်စုံနှင့် အရပ်ဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့သည်။

ကျောင်းဝတ်စုံနှင့် အဝတ်အထည်များ လှူဒါန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးမြတ်မျိုးထွန်းက ကျောင်းသား ကျောင်းသူများအား အသိအလိမ္မာရှိစေရေး၊ ကျောင်းစည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်း များဖြစ်ပေါ်လာစေရေးတို့ကို အသိပညာပေး ဆုံးမစကားပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးက မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီထံသို့ အမျိုးသားဝတ် ကျောင်းဝတ်စုံဝမ်းဆက် ရှစ်စုံ၊ အမျိုးသမီးဝတ် ကျောင်းဝတ်စုံ ဝမ်းဆက် သုံးစုံ၊ အမျိုးသမီးဝတ် ကျောင်းစိမ်း (အဖြူ)အထည် ၃၀နှင့် အရပ်ဝတ် အထည်မျိုးစုံ ၇၇ ထည်တို့ကို ပေးအပ်လှူဒါန်သည်။

အဆိုပါ ကျောင်းဝတ်စုံများနှင့် အဝတ်ထည်များသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံနှင့် အဆင့်မြင့်စက်ချုပ် သင်တန်းများမှ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်၍ ယခုလိုလှူဒါန်းရခြင်းဖြစ်ကြောင်း ကျေးလက်ဦးစီးမှူးထံမှ သိရသည်။

အဆိုပါ မြို့သစ် အခြေခံပညာ အလယ်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၁၁ ဦး ပညာသင်ကြား လျက်ရှိသည်။

ကျော်မြိုင်