နေပြည်တော် ဒီဇင်ဘာ ၃
နေပြည်တော်၌ ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းကာ အစိမ်းရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက် ရမှာဖြစ်ကြောင်း၊ ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ ကျေးရွာသားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများက မိမိတို့နှင့် သက်ဆိုင်ရာကဏ္ဍများကို ဆွေးနွေးပေးစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမျိုးက နေပြည်တော်အတွင်း ခေတ်မီစံပြကျေးရွာများနှင့် ခေတ်မီစံပြကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို Power Point ဖြင ့်ရှင်းလင်းတင်ပြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခေတ်မီစံပြကျေးရွာများအဖြစ် ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာ၊ လယ်ဝေးမြို့နယ် သော်မော်ကုန်းကျေးရွာ နှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)