မြောင် ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဖွားစောကျေးရွာအုပ်စု၊ ဆွဲလဲအိုကျေးရွာရှိ လယ်ယာမြေဧက ၁၅၀၀ မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း တစ်လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မြောင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆွဲလဲအိုကျေးရွာတွင် အရှည် ၁/၀၄၂၄ မိုင်၊ မြေသားအကျယ် ၁၂ ပေ၊ ထု ၁ ပေ၊ ဂျင်းကျောက်အကျယ် ၁၂ ပေ၊ ထု ၉ လက်မခင်းခြင်း၊ ကျောက်စီရေကျော် နှစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၅ သန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါကျေးရွာရှိ ကုန်ထုတ်လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည်ဆောက်ပြီးစီးသွားပါက ကျေးရွာရှိအိမ်ခြေ ၃၆၀ မှ လူဦးရေ ၁၆၁၆ ဦးတို့၏ လယ်ယာမြေဧက (၁၅၀၀)မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း မြောင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုထံမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျောက်စီရေကျော် နှစ်ခု တည်ဆောက်နိုင်ရေးအတွက် မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုနှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းဖောက်လုပ်မည့် မြေပြင်အခြေအနေများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးတိုင်းတာခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းသူ