နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ဗိုလ်ချုပ်ကြီး(ဟောင်း)ဦးခင်ညွန့်၊ စည်သူဘိုကလေး တင့်အောင်တို့အား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား မေးမြန်းအားပေးစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ဟောင်း)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်၊ စည်သူ ဘိုကလေးတင့်အောင် တို့အား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားသည်။

မေးမြန်းအားပေး

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ သံလွင်လမ်းရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) နှင့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၏ နေအိမ်သို့ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကျန်းမာရေးအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားသည်။

ပစ္စည်းများအားပေးအပ်

ယင်းနောက် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ကောင်စီအဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော် အရာရှိကြီးများနှင့် မိတ်ဆက်ပေးပြီး ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အားဖြည့် ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

သွားရောက်တွေ့ဆုံ

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မရမ်းကုန်းမြို့နယ်ရှိ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဝန်ကြီးချုပ် (ဟောင်း) ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးအခြေအ နေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားသည်။

တစ်ဦးချင်းမိတ်ဆက်ပေး

ထို့နောက် အဖွဲ့ဝင်အဖြစ်လိုက်ပါလာကြသူများနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီး ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များအား အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် ဆေးကုသမှုများ ခံယူ နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အားဖြည့် ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

အားပေးစကားပြောကြား

ယင်းနောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ တင်ပြခဲ့ပြီး ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားခဲ့သည်။

သွားရောက်ကြည့်ရှု

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ SSC အထူးကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် စည်သူဘိုကလေးတင့်အောင်အား သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ မိသားစုများကို မေးမြန်းကာ ကျန်းမာရေးကုသမှု အတွက် ထောက်ပံ့ငွေများ၊ အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်