ယခုဘောလုံးရာသီအတွင်း ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်သို့ ပထမဆုံးအကြိမ်အဖြစ် မန်စီးတီး အသင်း တက်လှမ်းခွင့်ရရှိခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၅)ရဲ့ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ကြောင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ် ပြိုင်ပွဲအမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပထမဆုံး အကြိမ် တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးစတင်ရရှိ

အဲဒီပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းဟာ ပထမပိုင်းပွဲကစားချိန် ၄ မိနစ်မှာ တောင်ပံ ကစားသမား စတာလင်ရဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကစားချိန် ၃၁ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့် ပထမပိုင်းပွဲကစား ချိန်အပြီးမှာ မန်စီးတီးအသင်းက ဝက်ဖို့ဒ်အသင်းကို နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာက ချယ်လ်ဆီးအသင်း ရှုံးပွဲကြုံတွေ့ခဲ့မှုကို အခွင့်ကောင်းယူကာ နိုင်ပွဲရရှိဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒုတိယပိုင်းပွဲကစားချိန် ၆၃ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားက အခုပွဲစဉ်မှာ သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဝက်ဖို့ဒ် အသင်းကတော့ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ နှစ်ဂိုးခွင့်ပြုပေးလိုက်ရတာကြောင့် ဒုတိယပိုင်းမှာ လူစားလဲမှုနှစ်ကြိမ်ကို တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပေမယ့် ပွဲကစားချိန်၇၄ မိနစ်ရောက်မှသာ  ဟာနန်ဒက်ဇ် ရဲ့ သွင်းဂိုးနဲ့ ချေပဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

အသီးသီးရပ်တည်နေ

မန်စီးတီးအသင်းဟာ ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၅) ကစားပြီးချိန်မှာ ရမှတ် ၃၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁)၊ လီဗာပူးအသင်းက ရမှတ် ၃၄ မှတ်နဲ့ အဆင့်(၂)၊ ချယ်လ်ဆီးအသင်းက ရမှတ် ၃၃ မှတ်နဲ့ အဆင့်(၃)၊ ဝက်စ်ဟမ်းအသင်းက ရမှတ် ၂၇ မှတ်နဲ့ အဆင့်(၄) အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ စနေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောပရီမီယာလိဂ် ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းအသင်းက ချယ်လ်ဆီးအသင်းကို သုံးဂိုး-နှစ်ဂိုး၊ နယူးကာဆယ်အသင်းက ဘန်လေအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လီဗာပူးအသင်း က ဝုလ်ဗက်စ်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အသီးသီးအနိုင်ရရှိခဲ့ပြီး ဆောက်သမ်တန်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ ပွဲစဉ်မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်