တောင်ငူမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု ပြုလုပ်

တောင်ငူ      ဒီဇင်ဘာ      ၆

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်  မြို့မဈေးကြီးအတွင်း ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဈေးသူဈေးသားများနှင့် အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲပြုလုပ်သည်။

 

ရှေးဦးစွာသရုပ်ပြလေ့ကျင့်ပွဲတွင် အမြန်မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးကြီး ရုံအမှတ်(၁၅)၌ မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်သည်။

 

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးကိုကိုဌေးက မီးဘေးအန္တရာယ်ဖြစ်ပေါ် လာပါက အန္တရာယ်မရှိစေရေးအတွက် အမြန်မီးငြှိမ်းသတ်ခြင်းများ ၊ မီးဘေးအန္တရာယ်အရေးပေါ် အချက်ပေးခြင်းများ ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ နှင့် မီးလောင်မှုကို မီးသတ်ဆေးဘူးများဖြင့် ကနဦးငြှိမ်းသတ်ခြင်း ၊ မီးသတ်ပိုက်လိုင်းဖြင့် ငြှိမ်းသတ်ခြင်းများကို ရှင်းလင်းပြောကြားပြီး ဈေးသူ ဈေးသားများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့်အတူ ဟန်ချက်ညီညီ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်သည်။

 

ယင်းနောက် သရုပ်ပြလေ့ကျင့်ပွဲသို့ တက်ရောက်ကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်ဝင်း ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့  ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဖြိုး နှင့် တာဝန်ရှိသူများ ၊ ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး  ဦးသက်ဝင်းနှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ရောင်းချ‌နေသည့်ဈေးဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့် အရေးပေါ် ထားရှိသည့် မိန်းခလုတ် နေရာများအား ကြည့်ရှုစစ်ဆေးကာ ဈေးသူ ဈေးသားများအား လိုအပ်သည်များသိရှိနိုင်ရန် မှာကြားခဲ့ကြကြောင်း သိရသည်။

 

ကိုဇော်ထက် (ပြန်/ဆက်)