မြစ်သား ဒီဇင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လမ်းခွကျေးရွာအုပ်စု၊ ကံသာကျေးရွာမှတောင်သူ ဦးကျော်ဝင်း၏ ကွင်းအမှတ်(၄၆၆)၊ ဦးပိုင် ၆၅/၂ဧရိယာတွင် စိုက်ပျိုးထားသော၂၀၂၀-၂၀၂၁ခုနှစ်မိုးစပါး(ဧရာမင်း) RS to CS မျိုးသန့်မျိုးစေ့ထုတ်စံပြ ကွက်(၇.၀၀)ဧကအား ယနေ့နံနက်(၁၀)နာရီက စံကွက်ရိတ်သိမ်းပွဲကို ကျင်းပသည်။

စံကွက်ရိတ်သိမ်းရာသို့ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်နှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်း၊ မြို့နယ်ဦးစီးမှူးဦးထွန်းစိုးနှင့် ဝန်ထမ်းများ၊   မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင် တင်ထွန်းနှင့်ဝန်ထမ်းများ၊ မျိုးသန့်မျိုးစေ့ထုတ် စံပြကွက်တောင်သူများနှင့် ဒေသခံတောင်သူများ တက်ရောက်လေ့လာခဲ့ကြရာ အဆိုပါ ဧရာမင်းမျိုးသန့် မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကစပါးအစို တင်း ၉၅ နှင့် ၁၀၀ကြားထွက်ရှိကြောင်း သိရသည်။  

မြစ်သားမြို့နယ်၌ ၂၀၂၀-၂၀၂၁ခုနှစ်၊ မိုးစပါးရာသီတွင် စပါးစိုက်တောင်သူများအတွက် စပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက စိုက်ပျိုးရေး ကုမ္ပဏီများမှဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပေါ်ဆန်းယဉ်၊ ပေါ်ဆန်းဘေးကျားစသည့် စပါးမျိုးများကို မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းအဖြစ် ဧကပေါင်း(၈၈၇.၅)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြမြမွန်(မြစ်သား)