ချောက် ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်လမ်းရွာ၊ ရေနံမြေမှ အာမခံအလုပ်သမား ဦးအောင်စိုးဦးသည် ပင်မစက်မှုအလုပ်ရုံအတွင်း လုံခြုံရေးမီးအတွက် အသုံးပြုထားသော (230V) Electrical Service Wire ပြတ်တောက်နေသဖြင့် သွားရောက်တပ်ဆင်နေစဉ် လျှပ်စစ်ဓါတ်လိုက် သေဆုံးသွားခြင်းအား အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းကို မြန်မာ့ရေနံ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၇ ရက် ညနေ ၄ နာရီက ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်လူမှုဖူလုံရေး ဆေးခန်းတာဝန်ခံ ဆရာဝန်၊ မြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဌာန ဦးစီးအရာရှိ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း ချောက်ရေနံမြေ အုပ်ချုပ်ရေးတာဝန်ခံ အရာရှိနှင့် ဝန်ထမ်းများ၊ ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး အလုပ်တွင် ထိခိုက်သေဆုံးသွားသော ဦးအောင်စိုးဦးအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း စုစုပေါင်း ငွေကျပ် ၈၁၀၀၀၀၀ (ကျပ် ရှစ်ဆယ့်တစ်သိန်းတိတိ)အား မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒေါနီလာအေးက သေဆုံးသူ ဦးအောင်စိုးဦး၏ ဇနီး ဒေါ်နန်းဝေ (ခ) ဒေါ်နွယ်နွယ်ဝေထံပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်လက်ခံရရှိသူ ကိုယ်စား ချောက်လမ်းရွာ ရေနံမြေ မန်နေဂျာ(ထွေ/စီ)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


