စစ်တွေ   ဒီဇင်ဘာ  

 

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်(၂၀၁၉) အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက စစ်တွေဟိုတယ်ခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက “၂၀၁၉ ခုနှစ်က ရေးဆွဲထားသည့် ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုံ့ပြန်ရေးစီမံချက်ကို ပြန်လည်သုံးသပ်ပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ပြင်ဆင်သင့်သည်များ၊ ဖြည့်စွက်သင့်သည်များကို ဝိုင်းဝန်းလေ့လာဖော်ထုတ်ပြီး မိမိတို့၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံအပေါ် မူတည်ကာ တက်တက် ကြွကြွ ပါဝင်ဆွေးနွေး ပေးကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (၂၀၁၉)အပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထပ်မံဖြည့်စွက်သင့်သည့် အချက်များအား နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)