နောင်တရား ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ စန္တာခမ်းနောင်တရား အာလူးအသင်းအဖွဲ့နှင့် Fresh Studio Co. Ltd နယ်သာလန်အဖွဲ့တို့ ပူးပေါင်း၍ အာလူးစိုက်ပျိုးရေး တောင်သူများ စိုက်ပျိုးရေးနည်းပညာ တိုးတက်မြှင့်မားရေးအတွက် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက မိုးရာသီ အာလူးစံပြစမ်းသပ်ကွက် တူးဖော်ပြသခဲ့သည်။
မိုးရာသီ အာလူးစံပြစမ်းသပ်ကွက်တွင် အတာတို၊ အေရီဇိုးနား၊ ဘေဘီလုံ၊ ပါရာဒီဆို၊ တွစ်စတာ၊ လီဗန်တေး စသည့် အာလူးသစ် ခြောက်မျိုးနှင့် ဒေသမျိုး အားလူး လေးမျိုးတို့ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ပြီး စမ်းသပ်ကွက်၏ စိုက်ပျိုးရေး နည်းစနစ်များမှာ မြေကြီးအာဟာရပါဝင်မှု မြေစမ်းသပ်ခြင်း၊ ပင်ကြား ၁၃ လက်မနှင့် တန်းကြား ၃၀ လက်မ စိုက်ပျိုးခြင်း၊ မြေစမ်းသပ်ရလဒ်ပေါ်မူတည်၍ မြေဩဇာကျွေးခြင်း၊ ရေဖျန်းခြင်းကို တောင်သူများ ပုံမှန်ဖျန်းစနစ်အတိုင်း ဆောင်ရွက်ခြင်း၊ ပိုးမွှားနှင့် ရောဂါကျရောက်မှုအား ပုံမှန်စစ်ဆေးပြီး လိုအပ်သည့် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေး အသုံးပြုထားခြင်းနှင့် တောင်သူများ ပုံမှန်ရိတ်သိမ်းမှု စနစ်များအတိုင်း စမ်းသပ်စိုက်ပျိုးထားသည်။ ထွက်ရှိလာသည့် အာလူးများကို စိုက်ပျိုးရေး တောင်သူများက စမ်းသပ်ကွက်မှ ထွက်ရှိသည့် အာလူးအထွက်နှုန်း၊ ရာသီဥတုခံနိုင်ရည်၊ အာလူးအရသာ၊ အရောင်အဆင်းများကို လေ့လာကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)


