နေပြည်တော်   ဒီဇင်ဘာ   ၈

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ်၌ Forever Yay Wati Co.,Ltd က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရုပ်မြင်သံကြားရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်လျက် ရှိသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုသည်။

 

လုပ်ငန်းခွင်၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် Forever Yay Wati Co.,Ltd  Project Director တို့က စီမံကိန်းနယ်မြေအတွင်း ဇုန် (၅) ဇုန်ခွဲခြား၍ စီမံချက်နှင့်အညီ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခု ပေါ်ထွန်းလာခြင်းဖြင့် ဆွဲဆောင်မှု အသစ်တိုးပွားလာရုံသာမက ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ရေးရာကိစ္စများကိုလည်း ကြိုတင်မျှော်တွေးဆောင်ရွက်သွားသင့်ကြောင်း ပြောကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဧည့်ခန်းမ၌ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပင်းတယမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့ကြီးရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိရာ ဆည်မြောင်း ဦးစီးဌာန၊ တည်ဆောက်ရေး(၇)၊ လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြို့ကြီး ရေလှောင်တမံတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ဒေသများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နောင်တွင် ကျေးလက် အခြေပြုခရီးသွားလုပ်ငန်း ပေါ်ထွန်းလာ ရေးကိုပါ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ရှိ Hotel Sakura Princess ရှိ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်များမှ အထွေထွေမန်နေဂျာများနှင့် တွေ့ဆုံပြီး  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ကိုဗစ်ကပ်ရောဂါနှင့်အတူ ယှဉ်တွဲလုပ်ကိုင်သွားကြရမည်ဖြစ်သည့်အတွက် ကျန်းမာရေးကိုအထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊  နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း တာဝန်သိစွာ ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ ဟိုတယ်ရွှေနန်းထိုက်အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဟိုတယ် များအနေဖြင့် ကိုဗစ်စည်းကမ်းများနှင့်အတူ ထိန်းသိမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်၌ ရှိရင်းသမရိုးကျ ဆွဲဆောင်မှုများသာမက ပြည်သူများစိတ်ဝင်စားမည့် ဆွဲဆောင်မှုအသစ်များ ဆန်းသစ် ထွက်ပေါ်လာစေရန် ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ကြစေလိုကြောင်း မှာကြားပြီး တင်ပြချက်အပေါ် ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)