ရန်ကုန် ဒီဇင်ဘာ ၈

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ရေဆိုးသန့်စင်စက်ရုံ၌ စက်ရုံတာဝန်ခံက ရေဆိုးသန့်စင်စက်ရုံ၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှုပမာဏ (Biochemical Oxygen Demand - BOD) နှင့် အနည်အဖတ် (Suspended Solids - SS) ပါဝင်မှု၊ သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sundried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေမှုနှင့်လက်တွေ့ အသုံးပြုဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က ရေဆိုးတွင်ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် ပန့်၊ ပိုက်လိုင်းနှင့်စက် ကိရိယာများ ပျက်စီးမှုအား ပြုပြင်ထိန်းသိမ်း ကြံ့ခိုင်ရေးဆောင်ရွက်ခြင်းနှင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်း ဆောင်ရွက်ရန်၊ ထွက်ရှိသည့် မြေဩဇာသည် အခြားဓာတ်မြေဩဇာများ ထက်အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် Mass Production ထုတ်လုပ်ဖြန့်ဖြူးရန် မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရေဆိုးသန့်စင်စက်ရုံအတွင်း ရေဆိုးသန့်စင်မှုစနစ်၊ သန့်စင်ပြီးရေဆိုးအား ရန်ကုန်မြစ်အတွင်း စွန့်ထုတ်မှုစနစ်၊ ကြွင်းကျန်သည့် အနည်အဖတ်များမှ မြေဩဇာထုတ်လုပ်မှုစနစ်၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးတိုင်းတာသည့် စနစ်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ EM Bokashi မြေဩဇာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်