ဒီဇင်ဘာ ၉
ယခုလက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူ၍ ပြည်တွင်း/ ပြည်ပပြည်ဖျက်မီဒီယာများ၊ မြန်မာနိုင်ငံအား ပြိုကွဲစေလိုသော နိုင်ငံတစ်ချို့ ပူးပေါင်းကာ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုနှင့် တပ်မတော်ကို သွေးခွဲရန်၊ အမုန်းတရားများပြန့်ပွားစေရန်၊ ပဋိပက္ခများပိုမိုကြီးထွားစေရန် နည်းလမ်း အမျိုးမျိုးဖြင့် သွေးထိုးလှုံဆော်လျက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက် သမားများနှင့် အကြမ်းဖက်မှုအားပေးသူများ စိတ်ဓာတ်တက်ကြွစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုသတင်းအမှားများဖော်ပြခြင်း၊ တပ်မတော်မှ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်နေသည့်အသွင်ဖြင့် လုပ်ကြံဖန်တီးထားသည့် သတင်းတုထုတ်လွှင့်ခြင်းများ မကြာခဏဆောင်ရွက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန်နှင့် ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ယက်များမှတဆင့် လုပ်ကြံဖန်တီးဖော်ပြလျက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက် ခြင်းမျိုးမဟုတ်ဘဲ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ငွေအား၊ နည်းပညာအားဖြင့် ပြည်တွင်း/ပြည်ပ ဟန်ချက်ညီဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆူပူဆန္ဒပြမှုနှင့် ပတ်သက်၍ ဆူပူဆန္ဒပြသူ ၃ ဦးဒဏ်ရာရရှိခဲ့ခြင်းကို ပြည်တွင်း/ ပြည်ပပြည်ဖျက်မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံရုံးတစ်ချို့မှ ပြည်သူလူထု၏ သနားကြင်နာတတ်သော စိတ်အခံကိုအသုံးချကာ လူ ၅ ဦး သေဆုံး၍ အများအပြားဒဏ်ရာရကြောင်း မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့မဟုတ်မမှန် ဝါဒဖြန့်ချိသတင်းအမှားများကို တစ်ချို့သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာသို့ အတည်ပြုချက်ရယူခြင်းမပြုဘဲ သတင်းထုတ်ပြန်ချက်များထုတ်ပြန်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန် ထပ်ဆင့်လုပ်ဆောင်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
အဆိုပါဆူပူဆန္ဒပြမှုဖြစ်စဉ်အမှန်သည် သာမာန်ဆန္ဒပြခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်သမားများ ပါဝင်နေပြီး၊ အကြမ်းဖက်မှုသို့ ကူးပြောင်းမည်ဖြစ်ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ထုံးလုပ်နည်း (Counter-terrorism Standard Operating Procedure) များနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့သော ဆူပူ ဆန္ဒပြမှုများတွင် အကြမ်းဖက်သမားများက လူငယ်လူရွယ်တစ်ချို့ကို လူသားတံတိုင်း (Human Shield) အဖြစ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အသုံးချနေကြသည်ကိုလည်း တွေ့ရှိရပါသည်။
ဒုတိယသတင်းမှားတစ်ခုအနေဖြင့် ခေတ်သစ်ပြည်ဖျက်မီဒီယာတွင် လူများအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်သံဖိုင်တစ်ခုကို ထုတ်လွှင့်ကာ တပ်မတော်မှပြုလုပ်လေဟန် သတင်းမှား ဖြန့်ချိလျက်ရှိပါသည်။ အဆိုပါရုပ်သံဖိုင်သည် ဆိုရှယ်မီဒီယာများပေါ်တွင် တမဟုတ်ခြင်း ပျံ့နှံ့သွားပြီး ပြည်တွင်း/ပြည်ပ ချိတ်ဆက်ဆောင်ရွက်နေကြကြောင်း ထင်ရှားစွာတွေ့မြင်နေရပါသည်။ မြေပြင်သတင်းစုံစမ်းချက်အရ ထိုရုပ်သံဖိုင်တွင်ဖော်ပြထားသည့် အကြောင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိဘဲ တပ်မတော်၏ပုံရိပ်ကျဆင်းစေရန် လုပ်ကြံဝါဒဖြန့်ချိ ထားခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး သက်ဆိုင်ရာမှ အဖြစ်မှန်ပေါ်ပေါက်စေရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုအနေဖြင့် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများ၏ ဝါဒဖြန့်ချိချက်များကို သတိပြုနိုင်ကြပါရန်နှင့် အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်နေသော ဆူပူအကြမ်းဖက်ဆန္ဒပြမှုဖြစ်စဉ် များတွင် လူသားတံတိုင်းအဖြစ် အသုံးချမခံရစေရေး၊ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်လက်တွဲကာ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။


