ဒီဇင်ဘာ ၁၀
ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်း၊ စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗီနီစီးယပ်နဲ့ ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းတိုက်စစ်မှူး ဖီးလ်ဖိုဒန်တို့ဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး လူငယ်ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။
ဖော်ပြထား ဥရောပရဲ့ ထိပ်တန်းလိဂ် ငါးလိဂ်မှ အသက် ၂၃ နှစ်အောက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမား ၆၀ စာရင်းထုတ်ပြန်ခဲ့ရာမှာ ပရီမီယာလိဂ်မှကစားသမား ၁၇ ဦးအထိ ပါဝင်ခဲ့ပြီး ဇန်နဝါရီဈေးကွက်အတွင်းမှာ ဟာလန်း၊ ဗီနီစီးယပ်နဲ့ ဖီးလ်ဖိုဒန်တို့ရဲ့ တန်ဖိုးဟာ ပေါင် ၁၂၈ သန်း အသီးသီး ရှိလာနိုင်တယ်လို့ ဘောလုံးဆိုင်ရာ ဆန်းစစ်ချက်တွေလုပ်ဆောင်နေတဲ့ စီအိုင်အီးအက်စ်က ဖော်ပြထားတာ ဖြစ်ပါတယ်။
အဲဒီကစားသမားသုံးဦးနောက်မှာ မန်ယူအသင်း တိုက်စစ်မှူး ဂရင်းဝုဒ်၊ လေဗာကူဆင်အသင်း တိုက်စစ်မှူး ဖလော်ရီယန်ဂါ့ဇ်နဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူး ပက်ဒရီတို့က ပေါင် ၁၁၉ သန်းစီနဲ့ တန်ဖိုးအမြင့်ဆုံး လူငယ်ကစားသမားစာရင်းမှာ အသီးသီးရပ်တည်နေတာ ဖြစ်ပါတယ်။
စီအိုင်အီးအက်စ်ရဲ့ ဆန်းစစ်ချက်တွေအရ မန်ယူအသင်းတိုက်စစ်မှူး ဆန်ချိုက ပေါင် ၁၁၁ သန်း၊ မန်စီးတီးအသင်းတိုက်စစ်မှူး ဖာရန်တောရက်စ်၊ ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ ဘိုင်ယန်မြူးနစ်အသင်းနောက်တန်း ကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးလ်တို့က ပေါင် ၁၀၂ သန်းစီနဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး လူငယ်ကစားသမားစာရင်းမှာ ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။
ငွေကြယ်