မြင်းမူ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ  ရဟန်းသံဃာများနှင့် သီလရှင်များအပါအဝင်    ဒေသခံပြည်သူ (၄၅၃၅၀)ဦး  ကိုဗစ်-၁၉ ကာကွယ်‌ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ   ရဟန်းသံဃာများနှင့် သီလရှင်များ၊ ပြည်သူများအပါအဝင် စုစုပေါင်း (၉၉၀၅၂)ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လျှာထားဆောင်ရွက်ထား ရှိကြောင်း၊ ယခုချိန်ထိ မြို့နယ်အနေဖြင့်   Covid Shield( ၆၂၄ )လုံး  ၊ Sinopham ဆေးအလုံး ( ၅၃၉၀)  နှင့်   Sinovac ဆေး (၁၀၆၆)လုံး ရရှိခဲ့ပြီး    ပထမအကြိမ်အဖြစ် (၁၈၅၃၁) ဦးနှင့်  ဒုတိယ အကြိမ်(၂၆၈၁၉)ဦး စုစုပေါင်း ဒေသခံရဟန်းရှင်လူပြည်သူ (၄၅၃၅၀)ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းတွင် ကာကွယ် ဆေးလုံဝမထိုးရသေးသူ (၇၀၄၅၀) ကျန်ရှိကြောင်း၊ လက်ရှိအချိန်တွင် မြို့နယ်ပြည်သူ့အားကစားရုံ  (မိုးလုံလေလုံ) အားကစားခန်းမ တစ်နေရာတည်းတွင်သာ  နေ့စဉ်နံနက်(၈)နာရီမှ    နေ့လည်(၁၂)နာရီအထိ    ထိုးနှံပေးလျှက်ရှိကြောင်း၊ ဆေးထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများလည်း ပါဝင်ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် အတူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)