ညောင်ဦး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီမျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချနေရပြီး မကြုံဘူးသည့် ဈေးနှုန်းအထိ ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းဈေးကျနေကြောင်း ကြက်သွန်နီမျိုးစေ့ ရောင်းချသူများထံက သိရသည်။
ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ပြီးရောင်းချရာတွင် ဆိပ်ဖြူနယ်၊ ရေနံချောင်းနယ်၊ မြင်းခြံနယ်များမှ အများဆုံး ပျိုးထောင်ကာ မျိုးစေ့ရောင်းချကြကြောင်းသိရပြီး ဆောင်းကြက်သွန်စိုက်ပျိုးချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ဖြစ်ကြကြောင်း သိရကာ ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ခြောက်သောင်းကျပ်မှ တစ်သိန်းသုံးသောင်း ကျပ်အတွင်းသာ ရောင်းချရပြီး ယခုနှစ်ဆောင်းကြက်သွန်ပျိုးထောင်ချိန် ကြက်သွန်နီမျိုးစေ့တစ်ပြည်လျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲအထိသာ ရောင်းချရခြင်းကြောင့် ကြက်သွန်နီပျိုးထောင်ကာ မျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်း ကြက်သွန်မျိုးစေ့ အနိမ့်ဆုံးဈေးနှုန်းဖြစ်နေကြောင်း ကျောက်ပန်းတောင်းမြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီမျိုးစေ့ရောင်းချသည့် ဦးနေမျိုးထွန်း ၏ ပြောပြချက်အရ သိရသည်။
ကြက်သွန်နီမျိုးစေ့ ပျိုးထောင်ရာတွင် နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်ဥများအား စိုက်ကြကြောင်း ၊ စိုက်ပျိုးပြီး ရက်နှစ်ဆယ်ကျော်လျှင် စိန်ဖူးတိုင်(ခေါ်) ကြက်သွန်ပန်းပွင့်တိုင် ထွက်လာပြီး ကြက်သွန်နီပ န်းပွင့်တိုင်တစ်ခုတွင် ကြက်သွန်နီမျိုးစေ့ အမြောက်အများပါဝင်ကာ ကြက်သွန်နီတစ်လုံးစိုက်လျှင် ကြက်သွန်ပန်းပွင့် တစ်ပွင့်မှ ငါးပွင့်ထိ ခွဲထွက်ကာပွင့်ကြကြောင်း သိရသည်။ ကြက်သွန်မျိုးစေ့များ အစေ့အောင်ချိန်ဖြစ်သည့် တပေါင်းလ၊ တန်ခူးလတွင် ကြက်သွန်ပန်းပွင့်များခူးကာနေလှန်း အခြောက်ခံကာ ကြက်သွန်နီမျိုးစေ့များအား ထုတ်ယူကြောင်း ၊ ကြက်သွန်နီမျိုးစေ့များ အစေ့ရင့်နေချိန် မိုးမိပါက အားလုံးပျက်စီးတတ်သဖြင့် ကြက်သွန်ပန်းပွင့်မှ မျိုးစေ့များအောင်ချိန် အားချင်းခူးဆွတ်ထားရကြောင်း မိုးမမိရန် အလွန်ပင်အရေးကြီးကြောင်း သိရသည်။
ကြက်သွန်နီမျိုးပန်းများ ခူးဆွတ်ပြီးချိန်တွင် စိုက်ထားသည့်ဥမှာ ဒန်ချောင်း(စိန်ဖူးတန်)သာ ကျန်ရှိကာနွားစာအဖြစ် ရိတ်ကျွေးကြောင်း သိရသည်။ ကြက်သွန်နီ ပျိုးထောင်ချိန်ပြီးစိုက်ပျိုးချိန်တွင် မျိုးစေ့ဈေးကြီးမြင့်လေ့ရှိကြောင်း ကြက်သွန်မျိုး နို့ဆီဗူးနှစ်ပုံထောင်တဘောင်လျှင် ပျိုးပင်ပေါက် ပေါက်အားကောင်းပါက ရှစ်သောင်းကျပ်မှ တစ်သိန်းနှစ်သောင်းကျပ်ထိ ပြန်လည်ရောင်းချရကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်ပျိုးထောင်ရောင်းချသူ ဦးစိုးမင်းကပြေကြား သည်။ကြက်သွန်နီမျိုးစေ့ ဒီနှစ်လောက်ဈေးကျတာ မကြုံဘူးကြောင်း၊ ဈေးမရလျှင် နှစ်ချို့လှောင်ကာ လာမည့်နှစ်တွင် ပြန်လည်ရောင်းချခြင်း၊ ပျိုးထောင်ကာ ရောင်းချခြင်းဖြင့် နှစ်ချို့လှောင်ကြကြောင်း ကြက်သွန်နီမျိုးစေ့လှောင်ရာတွင် သန့်ရှင်းသည့် ပုံးဖြင့်ထည့်ကာလှောင်မှ ပိုးမထိုးခြင်း၊ ကြက်သွန်မျိုးစေ့ အရည်အသွေးမကျခြင်းများ ထိန်းသိမ်းထားနိုင်ကြောင်း ကြက်သွန်မျိုးစေ့လှောင် ထားသူများထံက သိရသည်။
ကိုထိန်၊KPD


