ပေါင်းတည် ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် သပြေကြီးစုကျေးရွာတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သပြေကြီးစုကျေးရွာတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လေးလက်မခွဲ အဝီစိစက်ရေတွင်း တစ်တွင်း တူးဖော်ခြင်းလုပ်ငန်းများအား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၂ ဒသမ ၅သန်းဖြင့် ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက အနီးကပ် ကြီးကြပ်၍ ဒီဇင်ဘာ ပထမပတ်ကစတင်ကာ တူးဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ခြေ ၁၁၆ အိမ်မှ လူဦးရေ ၃၅၆ ဦးတို့အပြင် ကျွဲ၊ နွားတိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေဖူလုံစေရေး အကျိုးပြုမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်း က ပြောပြ၍ သိရသည်။
ငြိမ်းသူ


