ပုံပါကျင် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနှင့် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ယနေ့နံနက် ၁၁ နာရီက နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ က သုတ/ရသ စာအုပ်ပေါင်း (၁၅၀) ကိုယူဆောင်၍ ပုံပါကျင် အထက ကျောင်းနှင့်အမှတ် (၂)ရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံပါကျင် မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် Online မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူး တင်ဆက်ပေးခြင်းတို့အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)


