မင်းလှ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီးတွင် နှစ်စဉ်ကျင်းပပြု လုပ်မြဲဖြစ်သည့် (၇၃)ကြိမ်မြောက် သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟ စာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် မြို့လယ်ဓမ္မာရုံဂေါပကဥက္ကဌ တရားလွတ်တော်ရှေ့နေ ဦးဝင်းမြင့်က ယမန်နှစ်က ကိုဗစ်-19 ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်၍ မပြုလုပ်ရသည့် သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲကို လာမည့်၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ရန်အတွက် ဆောင်ရွက်မည့် အစီအစဉ်များကို လျှောက်ထားတင်ပြခဲ့သည်။
ထို့နောက်(မင်းလှ - မိုးညို - အုတ်ဖို) (၇၃)ကြိမ်မြောက်သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ အဖြစ် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ဝိနယဓမ္မာနုဂ္ဂဟအဖွဲ့ ဥက္ကဌ တရားလွှတ်တော်ရှေ့နေဦးဝင်းမြင့်နှင့် အမှုဆောင်များက ဆရာတော်ကြီးများ၏ သြဝါဒခံယူခြင်း၊ ညှိနှိုင်းဆွေးနွေးတင်ပြလျှောက် ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
(၇၃)ကြိမ်မြောက်သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့ထိ က( မူလတန်း) ၊ ခ( မူလတန်း)၊ အငယ်တန်း၊ အကြီးတန်းတို့ဖြင့် (၇) ရက်ကြာ အာရုံဆွမ်း၊နေ့ဆွမ်း၊ အအေးများ ကပ်လှူခြင်းတို့ဖြင့် ကျင်းပပြီး မတ်လ ၁ ရက်နေ့တွင် ဆုချီးမြှင့်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)


