လှိုင်းဘွဲ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကမော့ကချူး ကျေးရွာအုပ်စု၊ မဲလောင်းလေးကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းဝေဖြိုး၊ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ မဲလောင်းလေးကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အဆိုပါ ကျေးရွာသောက်သုံးရေရရှိရေးအတွက် လေးလက်မအကျယ်၊ အနက်ပေ ၂၃၀ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်း၊ အလျား ၆ ပေ၊ အနံ ၆ ပေ၊ အမြင့် ၇ ပေ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် နှစ်လက်မ ရေပိုက်ဖြင့် အရှည် ပေ ၁၅၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်းတို့ကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၅ ဒသမ ၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၁၂ အိမ်၊ လူဦးရေ ၁၃၁၈ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ၏ သောက်သုံးရေ ဖူလုံရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက ပြောပြ၍သိရသည်။
စိုးမိုးကျော်


