ပြည် ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ မှတ်ပုံတင် ထား သည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား လူမှုဝန်ထမ်းဦးစီးဌာန၏ ညွှန်ကြားချက်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ အခြေအနေများကိုပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လူမှုဝန်ထမ်းဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦး ဦးဆောင်သောတာဝန်ရှိသူများအဖွဲ့က ပြည်မြို့ရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များအနက် ကလေးဦးရေများသည့်ကျောင်းများဖြစ်သော IELS ၊ လမ်းပြကြယ်၊ KETC နှင့် Bright Kid's Land ကျောင်းတို့အား ဦးစွာစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါကျောင်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသောအချိန်ဇယားအတိုင်း ကလေးများ၏ အလေ့အထ၊ အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးရန်၊ ကျောင်းအတွင်း/အပြင် ကစားကွင်းများ ထားရှိဆောင်ရွက်ရေးနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဒီဇင်ဘာအားကစားလအတွင်း ကလေးများ၏ ကာယစွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျောင်းနှင့်ကိုက်ညီသော အားကစားပွဲများပြုလုပ်ဆောင်ရွက်ရန် အစရှိသည့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ခြင်းရှိ/မရှိအခြေအနေများကို သက်ဆိုင်ရာကျောင်းတာဝန်ခံများနှင့် တွေ့ဆုံညှိနှိုင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းပေါင်း (၁၈) ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃)ကျောင်းရှိပြီး အဆိုပါကျောင်းများ ကိုလည်း အလားတူစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)


