ရန်ကုန် ဒီဇင်ဘာ ၁၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မ ကုန်းတော် နောက်လမ်း(ဇင်ဇီယာလမ်း)သို့ သွားရောက်၍ လမ်းပြန်လည်ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မောင်းမကန် ကမ်းသာလမ်း၌ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ Excavator ယန္တရားယာဉ် များဖြင့် ကောက်ကွေ့သည့် ချောင်းလမ်းကြောင်းအား တစ်ဖြောင့်တည်းဖြစ်စေရန် တူး ဖော် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဆောင်ရွက်လျက်ရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇)(မြို့ပတ်)လမ်းမကြီး အား ဝဲ/ယာ နှစ်ဖက်တိုးချဲ့၍ ကွန်ကရိခင်းကျင်းနေမှု၊ အဆိုပါလမ်းမကြီးနှင့် ဆက်စပ်နေသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဘုရင့်နောင်လမ်းအား ဝဲ/ယာနှစ်ဖက် တိုးချဲ့၍ ကွန်ကရိခင်း ကျင်းနေမှုနှင့် အမှတ်(၇)(မြို့ပတ်)လမ်းဆုံမှ လေးထောင့်ကန်ရပ်ကွက် သွားလမ်းကို ကွန်ကရိ ခင်းကျင်းနိုင်ရေး မြေပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စု လမ်း၊ မြို့နယ်ဆေးရုံရှေ့ ရေမြောင်းအား ရေနုတ်မြောင်း တူးဖော်၍ ကျောက်စီနံရံ RC ယက်မရေမြောင်း တည်ဆောက်နေမှုနှင့် ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော် တံတားနှင့် ဟံသာဝတီအဝိုင်းအကြား ပြည်လမ်းတစ်လျှောက် ကတ္တရာကွန်ကရိ (AC) ခင်းကျင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


