ကော့သောင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့တွင် ဒီဇင်ဘာ ၁၀ ရက်က ပြည်တွင်းကုန်စည်ပို့ဆောင်စီးဆင်းမှုနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက် မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုရှိသည်ကို တွေ့ရသည်။
ကော့သောင်းမြို့အနေဖြင့် ယနေ့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်များ၊ အစားအသောက် ရောင်းချသည့် ဆိုင်များနှင့် စားသောက်ကုန်စည်ပစ္စည်းများ ရောင်းချသည့် ဆိုင်များပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိ သည်ကို တွေ့ရပြီး အိမ်ရှင်မများအနေဖြင့် ပုံမှန်ဈေးသွားဈေးလာ ဝယ်ယူမှု များရှိသည်ကိုလည်း တွေ့မြင်ရသည်။
ကော့သောင်းမြို့ ပြည်သူများအနေဖြင့် အသီးအရွက်၊ သားငါးနှင့် စားသောက်ကုန်တချို့အား တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့်ဝယ်ယူတင်သွင်းမှု စားသုံးမှု ယခင်ကတည်းကရှိခဲ့ရာ ယခုကာလ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး နှစ်နိုင်ငံကူးသန်းသွားလာမှု ပိတ်ပင် တားမြစ်ထားသော်လည်းထိုင်းနိုင်ငံမှ ဒေသသုံးအခြေခံ စားသောက်ကုန် တင်သွင်းမှုနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများလည်း ပုံမှန်အခြေအနေရှိကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်နှင့် ပြည်တွင်း ပို့ အခြားကုန်ပစ္စည်းများမှာ ကော့သောင်း-ရန်ကုန် ပြည်ထောင်စုလမ်းပိုင်းမှ မော်တော်ယာဉ်များဖြင့် ပုံမှန် ပို့ဆောင်မှုများရှိပြီး ပုံမှန်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။
ကော့သောင်း(ပြန်/ဆက်)


