ကျိုင်းတုံ   ဒီဇင်ဘာ   ၁၁

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်မှုဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ဟိုကျင်းအားခါ (ခရီးသွား ကျေးရွာ)၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၀ ရက်က  ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင် ဒေါက်တာလှရွှေက အမှာစကားပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ တာဝန်ခံ ဦးမင်းမောင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင် ဦးလုကာက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သင်တန်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ အခြေခံအင်္ဂလိပ်စာ၊ ရှေးဦးသူနာပြုစုနည်း စသည့် ဘာသာရပ်များကို နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဟိုကျင်းကျေးရွာမှ သင်တန်းသား ၃၀ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျိုင်းတုံမြို့နယ်၊ ဟိုကျင်းကျေးရွာအား ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကျိုင်းတုံရုံးခွဲ၏ ကြီးကြပ်မှုဖြင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဒေသအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)