မိုင်းရယ်   ဒီဇင်ဘာ   ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့အဝင်ပေါက် သုံးခုတွင် ခရီးသွား ပြည်သူများအား ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစ၍ ရှောင်တခင် စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းလုပ်ငန်းတွင် မိုင်းရယ်မြို့ အမှတ်(၃) လှုပ်ရှားစစ်ဗျူဟာမှူး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြသည်။

ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် မိုင်းရယ်မြို့အဝင်ဂိတ်၊ မိုင်းရယ်မြို့အထွက် ကျေးသီးသို့ သွားသည့်ဂိတ်နှင့် မိုင်းရယ်မြို့အထွက် သီပေါသို့သွားသည့်လမ်းတွင် ခရီးသွားယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ဆိုင်ကယ်များဖြင့် သွားလာသည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင့် လက်မှတ်များ စစ်ဆေးခြင်း၊ ကာကွယ်ဆေး ထိုးနှံထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးသည်။

ထို့နောက် ဆေးထိုးနှံထားခြင်း မရှိသူများအား မိုင်းရယ်မြို့၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စုရပ်အဖြစ် သတ်မှတ်ထားရှိပြီး တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုများက ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၆ လကျော်သည့် ကလေးနို့တိုက်မိခင်များကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်ထိုက်