စစ်တွေ   ဒီဇင်ဘာ   ၁၁

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက စစ်တွေမြို့ ဓညဝတီ ဂေါက်ကလပ်၌ ကျင်းပသည်။

ရှေးဦးစွာ ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း ဖွင့်ပွဲကို အဆိုပါ လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြို့နယ်ပေါင်းစုံမှ ဂေါက်သီးရိုက် ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး လေ့ကျင့်ရေးကွင်း အဆောက်အအုံအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က Smoke ball ရိုက်ပြီး ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်အသင်းသားများက သတ်မှတ်နေရာအသီးသီးမှ စတင်ကာ ယှဉ်ပြိုင်ကစားကြသည်။ အဆိုပါပြိုင်ပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ၃၁ သင်း၊ ကစားသမား ၁၅၀ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်းသိရသည်။ 

တင်ထွန်း(ပြန်/ဆက်)