ပခုက္ကူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ မြန်မာ့လက်ရက်ထည်များ အပြင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃ ဒသမ ၉ သိန်းကျော်ဖြင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းသင်တန်းကို ဖွင့်လှစ်ရာ အခြေခံပညာ အလယ်တန်း အဆင့်ရှိသည့် အမျိုးသမီး သင်တန်းသူ ၂၀ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းနည်းပြဆရာမ နှစ်ဦးက နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်းတို့ဖြင့် စနစ်တကျ သင်ကြားပို့ချလျက်ရှိကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များမှာ ဂျပ်ခုတ်ရန် ချည်လုံးနည်း၊ ဂျပ်ခုတ်ချား ဆွဲနည်း၊ ဂျပ်ခုတ်နှတ် ကောက်နည်း၊ ဂျပ်ခုတ်စင်ပေါ်တွင် အပွင့်ကောက်နည်း၊ ဂျပ်ခုတ်ရက်ခတ်နည်း တို့ဖြစ်ကြောင်း၊ သင်တန်းအတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် ယုံချည်(ရောင်စုံ)၊ သိုးမွှေးချည်၊ လက်တင်ချည်၊ ဖဲချည်(၆)ပင်ကျစ်၊ ဝါး၊ ကော်ပတ်၊ ဖယောင်း၊ ခါးပတ်(အဝတ်စ)၊ ကြိုးထုံး၊ သံများနှင့် လက်သုံးကိရိယာများအဖြစ် ၅ မတ်ပိုက်(ပလတ်စတစ်)၊ သစ်သားလုံး၊ ဂျပ်ပြားကြီးတို့ လိုအပ်ကြောင်း၊ မိမိဒေသ ထုတ်ကုန်များအပြင် အခြား တိုင်းရင်းသားရိုးရာထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် သင်ကြားပေးခြင်းဖြင့် အသိပညာ၊ အတတ် ပညာများ ပြန့်ပွားစေပြီး မြန်မာ့လက်ရက်ထည်၊ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ဓာတုနှင့် သဘာဝဆေးဆိုးနည်းသင်တန်း၊ လူသုံးကုန် ထုတ်လုပ်နည်းသင်တန်း၊ လက်ရက်ကန်း ဖဲနှပ်ကောက်သင်တန်း၊ အထည်ဆေးရေးနှင့်ပန်းပုံရိုက်သင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားပေးရန် လျာထားကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ပြောပြသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ကိုယ်ပိုင်ရိုးရာဝတ်စား ဆင်ယင်မှုအဖြစ် ရှေးယခင်ကပင် ရပ်တည်လာခဲ့သည့် ဝတ်စားဆင်ယင်မှုများ ရေရည်တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းရပ်တည် နိုင်ရေးနှင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်တစ်ထည်စစ်စစ်ရရှိရေးအတွက် အချိန်ကြာမြင့်စွာ ရက်လုပ်ရပြီး တန်ဖိုးကြီးမားသော ကြောင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ တိမ်ကောပပျောက်မှု မရှိစေရန်၊ မိမိတတ်ကျွမ်းထားသော ရက်ကန်း ပညာရပ်နှင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်ထည်များ တီထွင်ဖန်တီးထုတ်လုပ် လာနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေရရှိစေရန်၊ မြန်မာ့လက်ရက်ထည်များ၊ တိုင်းရင်းသားရိုးရာထည်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)


