နေပြည်တော် ဒီဇင်ဘာ ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သောမြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးသည် လူမှုစီးပွားဘဝ စည်ပင်ဖွံ့ဖြိုးရေးအတွက် အလေးထားဆောင်ရွက်ရမည် ဖြစ်သည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲရန် အထူးလိုအပ်ကြောင်း၊ ၂၀၁၉ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ပျံ့နှံ့ဖြစ်ပွားခဲ့ရာ လုပ်ငန်းများ ပြန်လည်ရှင်သန်လာစေရန် လမ်းပြမြေပုံ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲလာသည့် အခြေအနေများနှင့်အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများသာမက တက္ကသိုလ်နှင့် ကောလိပ်များမှ ဘာသာရပ်ဆိုင်ရာ အတတ်ပညာရှင်များပါဝင်၍ စီမံကိန်းတစ်ရပ်ကို ယခုကပင် ကြိုတင်မျှော်မှန်းရေးဆွဲထားကြရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်း မူကြမ်းကို ဆန်းစစ် ပြင်ဆင်ပြီး ဒေသအဆင့်မှ အကြံပြုချက် တောင်းခံပေါင်းစပ်ဆောင်ရွက်ပြီးနောက် အမျိုးသားအဆင့် ခရီးသွားလုပ်ငန်း ဗဟိုကော်မတီသို့ တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူမည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရေးဆွဲရာတွင် အခြေခံမူ၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်၊ လေ့လာဆန်းစစ်ချက်၊ မဟာဗျူဟာ၊ အကောင် အထည်ဖော်ဆောင်ရွက်မှု၊ အချိန်ကာလ၊ ဘတ်ဂျက် စသည်တို့အပြင် ကြီးကြပ်ထိန်းသိမ်းမှုနှင့် အကောင်အထည်ဖော်ဆောင်မှု အဆင့်လိုက်အပေါ် ဆန်းစစ်ဖော်ထုတ်ချက် တို့ ထည့်သွင်းရေးဆွဲကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးခိုင်ဦးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနတို့က ရေးဆွဲထားသည့် စီမံကိန်းများ၏ ရည်မှန်းချက်များ၊ မဟာဗျူဟာများနှင့် ရေတို၊ ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း အကြံပေးအရာရှိ ဒေါ်ကြည်ကြည်အေးက နိုင်ငံတကာအဖွဲ့အစည်းများ၏ စံသတ်မှတ်ချက်များနှင့် လေ့လာချက်များကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်တကျစီမံခန့်ခွဲရေး၊ အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ Digital စနစ်အပါအဝင် ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးနှင့် နိုင်ငံပုံရိပ်မြှင့်တင်ရေးနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ဆောင်မှု အရည်အသွေးမြှင့်တင်ရေး စသည့် ခေါင်းစဉ် () ခုဖြင့် အဖွဲ့လိုက် စားပွဲဝိုင်း ဆွေးနွေးကြပြီး အဖွဲ့ ()ဖွဲ့ ကိုယ်စားလှယ်များက သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် panel discussion ပြုလုပ်ကြရာ ညွှန်ကြားရေးမှူးချုပ်၊ ဦးလှိုင်ဦး က ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ၏ သဘာပတိ ညွှန်ကြားရေးမှူး၊ ဦးမျိုးမြင့်က အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေး ကြသူများနှင့် အဖွဲ့လိုက်ကိုယ်စားပြုသူများကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဌာနတာဝန်ခံများ၊  တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ခရီးသွားလုပ်ငန်းအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ် နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ/ ဆရာမများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများနှင့် တာဝန်ရှိသူ များက Online မှ ပါဝင်တက်ရောက်ကြကြောင်းသိရသည်။

(သတင်းစဉ်)

 

Minister Photo 11 12 21 2